ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနား တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပြီး မကြာခင်မှာပဲ ဂါနာချိုအတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခုကိုပါ ပြုလုပ်သွားဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ နီကိုးလပ်စ် ဂျက်ဆင်၊ အန်ကွန်ကူ၊ မာဒူအက်ခေး၊ ဂျာအို ဖီးလစ်၊ နက်တို၊ မာ့ခ် ဂီယူနဲ့ ဒီနွေမှ ယူနိုက်တက်ကနေ အငှား+အပြီးသတ်နဲ့ ခေါ်ယူထားတဲ့ ဆန်ချိုတို့လည်း ရှိလို့နေပြီး တိုက်စစ်အင်အားက တောင့်တင်းလျက် ရှိနေပေမယ့် လတ်တလောမှာတော့ ဂါနာချိုနဲ့ အပြောင်းအရွှေ့သတင်းတွေ တောက်လျှောက် ထွက်ပေါ်နေပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးက ဒီဈေးကွက်ထဲမှာ အန်ကွန်ကူကို ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပြုဖွယ် ရှိနေပြီး တိုက်စစ်ပိုင်း ပြန်အားဖြည့်ချင်တာကြောင့် ဘိုင်ယန်က မာသီးယပ်စ် တဲလ်ကို ချဉ်းကပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ယူနိုက်တက်နဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဂါနာချိုကို ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက်(၂၀)အရွယ် တောင်ပံကစားသမားလေး ဂါနာချိုဟာ နည်းပြ ရူဘင် အမော်ရင်လက်ထက်မှာ ယူနိုက်တက်အတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး မန်ချက်စတာဒါဘီပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် (၅)ပွဲဆက်တိုက် ပွဲထွက်ကစားသမားစာရင်းမှာ မပါဝင်ရဘဲ အရန်အဖြစ်သာ ကစားခဲ့ရရင်း နောက်ပိုင်းမှပဲ ကစားခွင့် ပိုရလာခဲ့ပါတယ်။

Photo Credit : Football Transfer

ဒါပေမယ့်လည်း ဂါနာချိုရဲ့ အနာဂတ်က ခုထိ လှုပ်ခတ်နေဆဲဖြစ်ပြီး နာပိုလီကလည်း ခွာရတ်စကယ်လီယာ နေရာအတွက် ဂါနာချိုကို လိုအပ်လာခဲ့သလို ချယ်လ်ဆီးနဲ့လည်း သတင်းတွေ အတော်လေး ထွက်လာခဲ့ပါတယ်။ လက်ရှိမှာ နာပိုလီက ဂါနာချိုထက် ဒေါ့မွန်က အဒီယေမီကို ခေါ်ယူဖို့သာ လုပ်ဆောင်နေတာမို့ ချယ်လ်ဆီး တစ်သင်းတည်း ဂါနာချိုအတွက် ကြိုးပမ်းခွင့် ပိုရလာခဲ့ပါတယ်။

စပိန်ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ မကြာခင်မှာပဲ ဂါနာချိုအတွက် တရားဝင် ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်လာဖို့ ရှိနေပြီး ယူနိုက်တက်ကလည်း သူတို့ကစားသမားနဲ့ ပတ်သက်ပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံသွားဖွယ် ရှိနေပါတယ်။