မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဈေးကွက်မှာပဲ တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကို လက်လွတ်သွားရဖို့ အခြေအနေများနေတာကြောင့် ဘရိုက်တန်ကနေ အစ်ဝစ်ချ်အသင်းဆီ ပြောင်းရွှေ့တော့မယ့် ဂျူလီယို အန်စီဆိုကို ကြားဖြတ် ခေါ်ယူဖို့ပါ ကြိုးပမ်းခဲ့သေးတယ်လို့ Tuttomercatoweb ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဂျင်တီးနား တောင်ပံကစားသမား ဂါနာချိုကို နာပိုလီအသင်းက ခေါ်ယူသွားချင်နေပြီး ပီအက်စ်ဂျီဆီ ပြောင်းရွှေ့သွားတဲ့ ခွာရတ်စကယ်လီယာနေရာမှာ အစားထိုးချင်နေသလို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းကလည်း ဂါနာချိုကို ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းနေပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေမှာ ယူနိုက်တက်က ဂါနာချိုနေရာထက် ဘယ်နောက်ခံလူတစ်ဦးကိုသာ ခေါ်ယူဖို့ ချိန်ရွယ်လို့နေပြီး လက်ရှိမှာဆိုရင်လည်း လက်ချီအသင်းက ဒိန်းမတ် ဘယ်နောက်ခံကစားသမား ပက်ထရစ် ဒိုဂူကို တောက်လျှောက် ပစ်မှတ်ထားနေရင်း တရားဝင် ကမ်းလှမ်းမှုပါ ပြုလုပ်ထားခဲ့ပါသေးတယ်။

ဂါနာချိုကလည်း ချယ်လ်ဆီး ဒါမှမဟုတ် နာပိုလီ တစ်သင်းသင်းဆီကို ပြောင်းရွှေ့ရနိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ယူနိုက်တက်အနေနဲ့ PSR rule နဲ့ မညှိစွန်းစေဖို့အတွက် homegrown players တချို့ကို အသင်းကနေ ရောင်းထုတ်ရသွားရနိုင်တာကြောင့် ဂါနာချိုလို homegrown ကစားသမားကို အခုဈေးကွက်မှာပါ ရောင်းချရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဒါကြောင့်ပဲ ယူနိုက်တက်က ဂါနာချိုကို လက်မလွတ်ရခင်မှာ ဘရိုက်တန်ကနေ အစ်ဝစ်ချ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့တော့မယ့် ပါရာဂွေး တောင်ပံနဲ့ ကွင်းလယ်တိုက်စစ် ကစားသမားလေး အန်စီဆိုကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပြီး ဒါကိုတော့ အန်စီဆိုဘက်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ် ပါရာဂွေး လက်ရွေးစင် ကစားသမားလေး အန်စီဆိုဟာ ဒီရာသီမှာ ဘရိုက်တန်အတွင် ပွဲကစားခွင့်တွေ အတော်လေး နည်းပါးနေရတာကြောင့် အသင်းက သူ့ကို အခုဈေးကွက်မှာ အငှားချဖို့ စီစဉ်ရင်း အစ်ဝစ်ချ်က ရာသီဝက်အထိ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ အန်စီဆို အစ်ဝစ်ချ်ဆီ တရားဝင် မပြောင်းခင် ယူနိုက်တက်ကပါ ကြားဖြတ် လှုပ်ရှားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ပွဲကစားခွင့် ပိုရနိုင်မယ့် အစ်ဝစ်ချ်ဆီ ပြောင်းဖို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။