ချယ်လ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စ်ကာက အသင်းက တိုက်စစ်ကစားသမား နီကိုးလပ်စ် ဂျက်ဆင်ရဲ့ ဂိုးသွင်းကျဆင်းလာမှု ဂိုးပေါက်လွဲချော်မှုတွေအပေါ် ကာကွယ် ပြောကြားလိုက်ပြီး လက်ရှိ ဒီဈေးကွက်အတွင်းမှာလည်း တိုက်စစ်မှူးသစ် ခေါ်ယူဖြည့်တင်းဖို့ မလိုအပ်ဘူးလို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ဆီနီဂေါ လက်ရွေးစင် တိုက်စစ်ကစားသမား နီကိုးလပ်စ် ဂျက်ဆင်ဟာ ချယ်လ်ဆီးအတွက် နောက်ဆုံး(၅)ပွဲ ပါဝင်ကစားခဲ့ရင်း (၅)ပွဲလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ဘုန်းမောက်နဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာတော့ ဂိုးဖန်တီးမှုတစ်ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂျက်ဆင် ဂိုးပေါက်ပျောက်ခဲ့တဲ့ (၅)ပွဲမှာလည်း ချယ်လ်ဆီးကပါ နိုင်ပွဲတွေ ပျောက်ဆုံးခဲ့ရပါသေးတယ်။

Photo Credit : Chelsea News

တကယ်တော့ ချယ်လ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ် မန်စီးတီးနဲ့ အာဆင်နယ်တို့ပြီးရင် စတုတ္ထေ့မြာက် တိုက်စစ်အားအကောင်းဆုံး အသင်းတစ်သင်း ဖြစ်သလို နီကိုးလပ်စ် ဂျက်ဆင်က (၉)ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဆက်တိုက် ဂိုးပေါက်တွေ ပျောက်ဆုံးထားရပါတယ်။

ဒီလို အခြေအနေတွေနဲ့ ကြုံနေရချိန် ဆောင်းဈေးကွက်မှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်မလားလို့ မေးမြန်းလာခဲ့ရာ မာရက်စ်ကာ “မခေါ်ယူပါဘူး။ ဘာလို့လဲဆိုတော့ နည်းနည်း ပိုကံကောင်းတယ်လို့ ကျွန်တော် ထင်မိပါတယ်။ ကျွန်တော်တို့က ရလာတဲ့ အခွင့်အရေးတွေက ပြောင်းလဲနိုင်ပြီးတော့ ဂိုးတွေများစွာကိုလည်း သွင်းယူနိုင်တယ်။”

Photo Credit : The Chelsea Chronicle

“ဒါကြောင့် ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးတစ်ဦးကို မလိုအပ်သေးပါဘူး။ လက်ရှိမှာ ဂိုးပေါက်ပျောက်နေတဲ့ ကစားသမားကတော့ နီကိုးပါ။ သူက ဂိုးပေါက်ပျောက်နေပေမယ့် ပွဲအတွင်း သူရဲ့ အလုပ်လုပ်ပုံက အံ့မခန်းပါပဲ။ ဒါကြောင့် နီကိုးလည်း မကြာခင်မှာပဲ ဂိုးတွေ ပြန်လည် သွင်းယူနိုင်တော့မယ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးက လက်ရှိဈေးကွက်အတွင်းမှာ ကစားသမား အများအပြားနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ခရစ္စတယ် ပဲလေ့စ်ဆီ အငှားချထားတဲ့ နောက်ခံလူ ချာလိုဘာကိုသာ အငှားစာချုပ် ဖျက်သိမ်းပြီး ပြန်လည် ခေါ်ယူခဲ့သလို အသင်းကနေ ကစားသမား တချို့သာ အငှားအပြောင်းအရွှေ့နဲ့ ထွက်ခွာဖွယ် ရှိနေပါတယ်။