အာဆင်နယ်အသင်းအနေနဲ့ လက်ရှိ အသင်းမှာ အလိုအပ်ဆုံး နေရာဖြစ်နေတဲ့ အထောင်တိုက်စစ်နေရာအတွက် ဆော်ဒီလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းက ပြင်သစ် ဝါရင့်တိုက်စစ်မှူးကြီး ကာရန် ဘန်ဇီမာကို ကာလတို အငှားစာချုပ်နဲ့ ခေါ်ယူသွားသင့်တယ်လို့ ရီယို ဖာဒီနန်က သုံးသပ် ပြောဆိုလိုက်ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ တိုက်စစ်ကစားသမားတွေထဲ ဂါဘရီရယ်လ် ဂျေဇူးက ACL ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရတော့မှာ ဖြစ်သလို အားအထားရဆုံး တောင်ပံတိုက်စစ်ကစားသမား ဘူကာယို ဆာကာဟာလည်း ပေါင်ဒဏ်ရာကြောင့် လအနည်းငယ်လောက်အထိ အနားယူနေရပါတယ်။
Photo Credit : BBC
ဒီအချိန်မှာ အသင်းရဲ့ တိုက်စစ်ကစားသမား ဟားဗက်ဇ်ကလည်း ယူနိုက်တက်နဲ့ အက်ဖ်အေဖလားပွဲမှာ လွဲချော်မှုတွေ အတော်လေး ရှိခဲ့တာကြောင့် နည်းပြအာတီတာပါ ဒီဈေးကွက်ထဲမှာပဲ အသင်းတိုက်စစ်အတွက် ကစားသမား ခေါ်ယူဖြည့်တင်းသွားဖို့ လိုအပ်နေပြီလို့ ပြောဆိုလာခဲ့သလို အသင်းဟာလည်း တိုက်စစ်ကစားသမား အများအပြားနဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
မနေ့ကပဲ အာဆင်နယ်ဟာ နွေကတည်းက ခေါ်ယူချင်ခဲ့တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုနဲ့ သတင်းတွေ ပြန်ထွက်ပေါ်ခဲ့ပြီး အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ခဲ့ပေမယ့်လည်း ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကတော့ ဆက်စ်ကိုဟာ ရာသီကုန်အထိ လိုက်ပ်ဇစ်မှာပဲ ဆက်ရှိသွားမယ်လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
Photo Credit : Arsenal Insider
ဒီလို အခြေအနေမှာ အာဆင်နယ်ဟာ ဗလာဟိုဗစ် ၊ အမ်ဘူမိုတို့အပြင် တိုက်စစ်ကစားသမားတွေကို ပစ်မှတ်ထားလျက် ရှိနေတဲ့အပြင် မန်ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်ကတော့ အာဆင်နယ်အနေနဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး ဘန်ဇီမာကို အငှားနဲ့ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
“ကျွန်တော်ဆိုရင်တော့ ဘန်ဇီမာကို (၆)လအငှားစာချုပ်နဲ့ ခေါ်ယူလိုက်မှာပါ။” လို့ ဖာဒီနန်က TNT Sports ရုပ်သံမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဘန်ဇီမာက အယ်လ်အစ်တီဟတ်ရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် အခုဆို ဆော်ဒီလိဂ်ရဲ့ လက်ကျန် ရာသီဝက်ကလည်း ပြန်လည် စတင်နေပြီဖြစ်လို့ ဒီလို ကစားသမားမျိုးကို အငှားနဲ့ ခေါ်ယူဖို့ဆိုတာက ဖြစ်နိုင်ခြေ မရှိသလောက်ကို နည်းပါးနိုင်ပါတယ်။