လီဗာပူးလ်အသင်း နည်းပြဖြစ်သူ အာနယ် ဆလော့က ဒီဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းကို အနိုင်ယူထားခဲ့ဖူးတဲ့ တစ်သင်းတည်းသော ကလပ်အသင်းဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အသင်းမျိုး ဖြစ်နေပြီလို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

နော်တင်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တန်းဆင်းဇုန်ထဲထိ ရောက်ခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ ပရီးမီးယားလိဂ် ပွဲ(၂၀) ကစားထားပြီးချိန် (၁၂)ပွဲနိုင် (၄)ပွဲသရေ (၄)ပွဲရှုံးနဲ့ ရမှတ် (၄၀) ပိုင်ဆိုင်ထားပြီး အဆင့်(၂)က အာဆင်နယ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် အဆင့်(၃)နေရာစီ ရပ်တည်နေပါတယ်။

Photo Credit : The Independent

အခုဆိုရင် နော်တင်ဟမ်ဟာ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်နဲ့ (၁)ပွဲပိုကစားပြီး ရမှတ်(၆)မှတ်ကွာ အနေအထားအထိ ရှိနေသလို ဒီညမှာလည်း စီးတီးဂရောင်းမှာ လီဗာပူးလ်ကို ဧည့်ခံသွားရပါမယ်။ အန်ဖီးလ်မှာ ကစားခဲ့စဉ်တုန်းကတော့ နော်တင်ဟမ်က လူစားဝင် တောင်ပံကစားသမား အိုဒွိုင်းရဲ့ ဂိုးနဲ့ပဲ လီဗာပူးလ်ကို အနိုင်ယူခဲ့ပါတယ်။

နော်တင်ဟမ်နဲ့ ပြန်လည် ရင်ဆိုင်ရမယ့် အချိန်မှာ လီဗာပူးလ်နည်းပြ ဆလော့က “လက်ရှိအချိန်မှာ နော်တင်ဟမ်က အာဆင်နယ် ချယ်လ်ဆီး မန်စီးတီးတို့နဲ့အတူ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်း ရှိနေပါတယ်။ သူတို့ရဲ့ ကစားပုံ သူတို့ရဲ့ ကစားဟန်တွေကို ကြည့်ရတာ အခုလို သတ်မှတ်ခံရဖို့ ထိုက်တန်ပါတယ်။”

Photo Credit : Premier Leauge

“သူတို့အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ ရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာဖို့အတွက် အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဆလော့ရဲ့ လီဗာပူးလ်အသင်းကတော့ ၂၀၂၅ထဲမှာ မန်ယူနိုက်တက်ကို (၂)ဂိုးစီ သရေကျထားသလို လိဂ်ဖလား ဆီမီးဖိုင်နယ် ပကျော့မှာလည်း စပါးကို ရှုံးနိမ့်ထားပါသေးတယ်။

လီဗာပူးလ်က မကြာသေးခင်က အက်ဖ်အေဖလား တတိယအဆင့်မှာ အက်ကရင်တန်ကို ဂိုးပြတ်အနိုင်ရထားပေမယ့် နော်တင်ဟမ်ကတော့ မန်စီးတီးကို ရှုံးခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ (၇)ပွဲဆက်တိုက်အထိ ရာနှုန်းပြည့် နိုင်ပွဲဆက်နေသလို အဲ့ဒီ (၇)ပွဲထဲမှာပါ ယူနိုက်တက် ဗီလာ စပါးတို့လို အသင်းတွေလည်း ပါဝင်ပါတယ်။