မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ဟာ သူတို့အသင်းရဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် ဘုန်းမောက်အသင်းက ဟန်ဂေရီ ဘယ်နောက်ခံလူ မီလိုစ် ကာကက်ဇ်ကို အပြိုင်အဆိုင် ပစ်မှတ်ထားနေကြပေမယ့် ကာကက်ဇ်ကိုယ်တိုင်ကတော့ ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့သွားနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်ရော လီဗာပူးလ်ရောပါ ဘယ်နောက်ခံနေရာအတွက် ကစားသမားသစ် ခေါ်ယူမှု လုပ်ဆောင်သွားဖို့ စီစဉ်ထားခဲ့ပြီး ပရီးမီးယားလိဂ်က ဘယ်နောက်ခံလူတွေအပြင် ဥရောပက ဘယ်နောက်ခံကစားသမားတွေကိုပါ ချိန်ရွယ်နေကြတာ ဖြစ်ပါတယ်။
Photo Credit : United in Focus
ဒီထဲမှာ အသက်(၂၁)နှစ်သာ ရှိသေးတဲ့ ဘုန်းမောက်ရဲ့ ဘယ်နောက်ခံလူ ကာကက်ဇ်လည်း ပါဝင်နေခဲ့ပြီး ကာကက်ဇ်ကလည်း AZအယ်လ်ခမာကနေ ပရီးမီးယားလိဂ်ဆီ ရောက်လာကတည်းက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်တာကြောင့် အချိန်တိုလေးအတွင်းမှာပဲ ထိပ်သီး ကလပ်အသင်းတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့ရပါတယ်။
လက်ရှိမှာဆိုရင် ကာကက်ဇ်ကို ယူနိုက်တက် လီဗာပူးလ်တို့အပြင် ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းတိုင်း ကပါ အလိုရှိကြမှာ ဖြစ်သလို ဒီအခြေအနေတွေအရ ကာကက်ဇ်ကိုလည်း လာမယ့်နွေမှာ ဘုန်းမောက်ကနေ အခြားအသင်းကြီး တစ်သင်းသင်းဆီ ပြောင်းရွှေ့သွားတာကို မြင်တွေ့လာရနိုင်ပါတယ်။
Photo Credit : Football365
ကာကက်ဇ်ကိုလည်း ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ အပြိုင်လိုက်နေတဲ့ကြားကမှ ယူနိုက်တက်က လီဗာပူးလ်ထက် ပိုမိုပြီး ကာကက်ဇ်ကို စောင့်ကြည့်နေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက podcast တစ်ခုမှာ ပြောဆိုထားသလို ကာကက်ဇ်ဟာ သူရဲ့ မိသားစုဝင်တွေကနေတစ်ဆင့် ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးချိတ်ဆက်မှုပါ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကာကက်ဇ်က သူရဲ့ တရားဝင် အင်စတာဂရမ်မှာ တင်ထားတဲ့ ဓါတ်ပုံတစ်ပုံမှာလည်း သူက ဂိမ်းကစားနေတဲ့ပုံကို တင်ထားပေမယ့် အဲ့ဒီဓါတ်ပုံထဲမှာ ထူးခြားချက်တစ်ခုက သူဂိမ်းဆော့နေတဲ့ အနားမှာ ယူနိုက်တက် ကွင်းလယ်လူ ကက်စမဲရိုးရဲ့ ယူနိုက်တက် ဂျာစီကို မြင်တွေ့ရနေတာပဲ ဖြစ်ပါတယ်။