ဘာစီလိုနာအသင်းကတော့ ပရီးမီးယားလိဂ်ကလပ် ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံကစားသမား တိုင်ရစ် မစ်ချယ်လ်ကို အံ့အားသင့်စဖွယ် စိတ်ဝင်စားနေပြီး စောင့်ကြည့်လျက် ရှိနေတယ်လို့ စပိန် အခြေစိုက် SPORT သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းက နောက်ပိုင်းနှစ်တွေမှာ အသင်းဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ကစားသမား ခေါ်ယူမှုတွေမှာ ကစားသမားတချို့ကို အလွတ်ပြောင်းရွှေ့ကြေး free transfer တွေနဲ့ ခေါ်ယူရတက်ပြီး အဂွဲရိုး ဒီပိုင်း ကတ်ဆီး ဂွန်ဒိုဂန် အူဘာမီယန်း အစရှိတဲ့ ကစားသမားတွေကို အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Goal

အခုလည်း ဘာစီလိုနာက အလွတ်နဲ့ ခေါ်ယူလို့ ရနိုင်မယ့် ကစားသမားတွေကို ဆက်လက် ပစ်မှတ်ထားလျက် ရှိနေရာ ဒီရာသီအကုန်မှာ ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဘယ်ခြမ်းခံစစ် ကစားသမား မစ်ချယ်လ်ကို စိတ်ဝင်တစား စောင့်ကြည့်လာခဲ့ပါတော့တယ်။

ဂျမေကာ-အင်္ဂလန်နွယ်ဖွား မစ်ချယ်လ်ဟာ ၂၀၁၆ခုနှစ်ကတည်းက ပဲလေ့စ် လူငယ်အကယ်ဒမီဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၀မှသာ ပဲလေ့စ် စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရလာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက မစ်ချယ်လ်ဟာ ပဲလေ့စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက် (၂၅)နှစ်အရွယ် left-back နဲ့ left wing-back ကစားသမား မစ်ချယ်လ်က ပဲလေ့စ်အတွက် ပွဲပေါင်း (၁၆၄)ပွဲအထိ ကစားထားနိုင်သလို ၂၀၂၂တုန်းကလည်း အင်္ဂလန် လက်ရွေးစင်အသင်းအတွက် (၂)ပွဲအထိ ပါဝင်ကစားပေးခဲ့ရဖူးပါတယ်။ လက်ရှိရာသီမှာတော့ မစ်ချယ်လ်က ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၃)ကြိမ်အထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

လာမယ့် ၂၀၂၅ ဇွန်လမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် မစ်ချယ်လ်ကို ပရီးမီးယားလိဂ် ကလပ်အသင်း တော်တော်များများက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြချိန်မှာပဲ ဘာစီလိုနာလို အသင်းကပါ မစ်ချယ်လ် အခြေအနေကို စောင့်ကြည့်လာခဲ့တာကြောင့် ဘယ်အသင်းဆီ ပြောင်းရွှေ့သွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။