အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား ဗစ်တာ အိုဆီမန်နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်တို့ကို ကစားသမားချင်း အလဲအထပ် လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ ဘောလုံးသတင်းထောက် Graeme Bailey က ဖော်ပြလာခဲ့ပါတယ်။

နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်ဟာ နာပိုလီရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ တာစူနေခဲ့သလို သူ့ကိုလည်း တူရကီကလပ် ဂါလာတာစာရေးအသင်းဆီကိုပါ တစ်ရာသီ အငှားစာချုပ်နဲ့ အငှားချဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

တစ်ဖက်မှာကလည်း ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ၂၀၁၅ကတည်းက စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရခဲ့ပေမယ့် အသက်(၂၇)နှစ် ရှိလာသည့်တိုင် အသင်းတိုက်စစ်ပိုင်းအတွက် အားထားရတဲ့ ကစားသမား ဖြစ်မလာသေးတာကြောင့် အသင်းဘက်က သူ့ကို စိတ်ပျက်လာပါတော့တယ်။

အခုဆိုရင် ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်ပြီး လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာပဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာခဲ့မယ်ဆိုရင် ရောင်းထုတ်သွားဖွယ်ပါ ရှိနိုင်ပါတယ်။ ဒီအခြေအနေကိုလည်း အသင်းတချို့က စောင့်ကြည့် အကဲခတ်လျက်လည်း ရှိနေပါတယ်။

Photo Credit : TEAMtalk

ဒီအချိန်မှာ နာပိုလီအသင်းက အသင်းနဲ့ သေချာပေါက် လက်တွဲဖြုတ်တော့မယ့် အိုဆီမန်နဲ့ ယူနိုက်တက်က သေချာပေါက် ရောင်းထုတ်တော့မယ့် ရပ်ရှ်ဖို့ဒ်တို့ကို ကစားသမားချင်း swap deal လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့ပြီး ဒီလိုသာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်ဘက်ကလည်း လက်ခံသွားဖွယ် ရှိနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်က အိုဆီမန်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်တစား ရှိနေတာ ဖြစ်သလို ဒီလို swap deal မျိုး မရှိခဲ့ရင်တောင်မှ လာမယ့် ဇန်နဝါရီမှာပဲ အိုဆီမန်အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါသေးတယ်။ ဒါပေမယ့် အိုဆီမန်အနေနဲ့က ဂါလာတာစာရေးမှာ အငှားစာချုပ် ပြည့်ချိန်ထိ ကစားသွားဖို့ ရှိတာကြောင့် အပြောင်းအရွှေ့က နွေမှသာ ဖြစ်ပေါ်လာဖို့ ရှိပါတယ်။