မက်ဆီ ဆွာရက်ဇ် နေမာတို့ (၃)ဦးရဲ့ MSN တိုက်စစ်အတွဲအဖက်ဟာ ဘာစီလိုနာအသင်းအတွက်တော့ တကယ့်ကို အံ့မခန်း trio တိုက်စစ်အတွဲအဖက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် MSN ထဲမှာ N ကို ကိုယ်စားပြုတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာက ဘာစီလိုနာကနေ အရင်ဦးဆုံး စွန့်ခွာခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၁၃ကမှ ဆန်းတို့စ်ကနေ ဘာစီလိုနာဆီ ရောက်လာခဲ့တဲ့ နေမာက ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဖလား လာလီဂါဖလား ကလပ်ကမ္ဘာ့ဖလား ကိုပါဒယ်ရေးဖလား စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သလို အသင်းအတွက် (၄)ရာသီအထိ ပါဝင်ခဲ့ပြီးချိန် စုစုပေါင်း သွင်းဂိုး (၁၀၅)ဂိုုးအထိ သွင်းယူနိုင်ခဲ့ပါသေးတယ်။
Photo Credit : Goal
တကယ်တော့ နေမာဟာ မက်ဆီ ဆွာရက်ဇ်တို့နဲ့အတူ MSN တိုက်စစ်အတွဲအဖက်အဖြစ် အောင်မြင်လျက် ရှိနေချိန်မှာပဲ ၂၀၁၇မှာ ပီအက်စ်ဂျီအသင်းဆီ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းနဲ့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ နေမာက ဘာစီလိုနာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ရတာက သူ့ဘဝအတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
အခုတော့ နေမာရဲ့ဖခင်ကိုယ်တိုင်က သူ့သား အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး “ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့က သူ့(နေမာ)ရဲ့ ဆုံးဖြတ်ချက်ပါ။ သူက ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ဟာ ဘာစီလိုနာမှာ အရမ်းခက်ခဲတဲ့ အခြေအနေမျိုး ရှိနေတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းရဲ့ အားကစား စီမံခန့်ခွဲမှုအပိုင်းက ဘာကို တွေးတောစဉ်းစားနေလဲ ဆိုတာကို မသိခဲ့လို့ပါ။”
Photo Credit : Goal
“ကလပ်အသင်းဘက်က သူ့ကို မက်ဆီရဲ့နေရာ ရယူလိုပုံရပေမယ့် သူကတော့ ဒါကို မလိုချင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူ အသင်းကနေ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ တခြားနေရာတစ်ခုဆီကိုပဲ သူ ပြောင်းရွှေ့ခဲ့တယ်။ ကျွန်တော်ကတော့ သားကို ဘာစီလိုနာမှာပဲ ရှိနေချင်တာ။ နောက်ဆုံးနေ့တွေအထိ ဘာစီလိုနာမှာပဲ ဆက်ရှိနေအောင် ကျွန်တော်တို့ ကြိုးပမ်းခဲ့သေးတယ်။”
“ဒါပေမယ့် သူက မက်ဆီရဲ့နေရာကို မရယူလိုတာကြောင့် အသင်းကနေ ထွက်သွားဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သားဖြစ်သူ နေမာဟာ ဘာစီလိုနာအသင်းကို အမတန် ချစ်မြတ်နိုးသူ ဖြစ်သလို နူးကမ့်ကွင်းထဲမှာ ဘာစီလိုနာဂျာစီကို ဝတ်ဆင်ပြီး ကစားရဖို့က နေမာ့အတွက် အိမ်မက်တစ်ခု ဖြစ်ခဲ့တယ်လို့ နေမာဖခင်က ပြောဆိုခဲ့ပါတယ်။