စပို့တင်း လစ္စဘွန်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြ ရူဘင် အမော်ရင်နေရာမှာ အစားဝင်ရောက်လာခဲ့တဲ့ ဂျာအို ပယ်ရေရားကတော့ အသင်းကို ရလဒ်ကောင်းအောင် မစွမ်းဆောင်ပေးနိုင်ခဲ့လို့ အခုဆိုရင် အသင်းကပါ အထုတ်ခံရဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

စပို့တင်းက သူတို့နည်းပြဟောင်း အမော်ရင်လက်ထက်မှာ ပေါ်တို ဘင်ဖီကာတို့လို ပေါ်တူဂီ အသင်းကောင်းတွေကို ကျော်ဖြတ်ပြီး ပေါ်တူဂီ အမှတ်ပေးလိဂ်ဖလား (၂)ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့သလို ဒီရာသီထဲမှာလည်း ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ အမှတ်ပေးဇယားထိပ်မှာ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပါသေးတယ်။

Photo Credit : BeSoccer

ဒါ့အပြင် ချန်ပီယံလိဂ် league phase မှာ မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာလည်း တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ရဲ့ ဟက်ထရစ်နဲ့အတူ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါသေးတယ်။ ဒါပေမယ့် အမော်ရင်က စပို့တင်းကို စွန့်ခွာပြီး ယူနိုက်တက်ဆီ ရောက်သွားချိန်မှာတော့ စပို့တင်း ကျရှုံးခန်း စတင်လာပါတော့တယ်။

စပို့တင်းက အမော်ရင်နေရာမှာ အသင်းက ကစားသမားဟောင်းလည်းဖြစ် ဘီအသင်းနည်းပြလည်းဖြစ်တဲ့ ဂျာအို ပယ်ရေရားနဲ့ နိုဝင်ဘာ (၁၁)ရက်နေ့မှာပဲ အစားထိုးလိုက်ပေမယ့် အဲ့ဒီနောက်ပိုင်းကတည်းက စပို့တင်းအသင်းရဲ့ ရလဒ်တွေဟာ ဆိုးဆိုးရွှားရွှားကို ကျဆင်းလာခဲ့ပါတယ်။

Photo Credit : Centredevils

အခုဆိုရင် ပယ်ရေရားက စပို့တင်းနည်းပြအဖြစ် ဆောင်ရွှက်ချိန် ပြိုင်ပွဲစုံ (၈)ပွဲမှာ (၃)ပွဲသာ အနိုင်ရခဲ့ပြီး (၄)ပွဲရှုံး (၁)ပွဲသရေ ရလဒ်တွေ ဖြစ်ပေါ်ခဲ့သလို စပို့တင်းဟာလည်း ပေါ်တူဂီ အမှတ်ပေးလိဂ်ဇယားမှာပါ အဆင့်(၂)နေရာအထိ ဖယ်ပေးလိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် စပို့တင်းက ပယ်ရေရားကို ရာထူးကနေ ထုတ်ပယ်လိုက်ဖို့အထိပါ စီစဉ်နေပြီလို့ ပေါ်တူဂီ သတင်းမီဒီယာတွေကနေ ဖော်ပြလာပါတယ်။

စပို့တင်းနည်းပြဟောင်း အမော်ရင်ကလည်း ယူနိုက်တက်မှာ ရုန်းကန်နေရပြီး သူရဲ့ရလဒ်တွေကပါ ပယ်ရေရားနဲ့ ထူးမခြားနား အခြေအနေအထိ ရောက်ရှိနေပြီး အာဆင်နယ် နော်တင်ဟမ် စပါးနဲ့ ဘုန်းမောက်အသင်းတို့ကို ရှုံးနိမ့်ထားခဲ့ရသလို အိုးထရက်ဖို့ဒ်မှာလည်း အဲဗာတန် တစ်သင်းတည်းကိုသာ အနိုင်ရထားပါသေးတယ်။