ဘာစီလိုနာအသင်းက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် လာမာစီယာ အကယ်ဒမီထွက် တိုက်စစ်မှူး အန်ဆူ ဖာတီနဲ့ ရပ်ရှ်ဖို့ဒ်တို့ကို ကစားသမားချင်း အလဲအထပ် swap deal လုပ်ဆောင်သွားချင်နေတယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။
လက်ရှိမှာ အသက်(၂၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ အသင်းမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့တောင် ရုန်းကန်နေရပြီး နည်းပြ အမော်ရင်နဲ့ အသင်းဘက်ကပါ ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပိုင်းကိုသာမကဘဲ သူရဲ့ ကွင်းပြင်ပ နေထိုင်မှု ပုံစံတွေကိုပါ သဘောမကျတဲ့အတွက် အသင်းကနေ ရောင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။
Photo Credit : Goal
အခုဆိုရင် ရပ်ရှ်ဖို့ဒ်ဟာ မန်စီးတီး စပါး ဘုန်းမောက် (၃)ပွဲဆက်တိုက်အထိ ယူနိုက်တက်အသင်းရဲ့ ကစားသမားစာရင်းထဲကနေ လုံးဝ ချန်လှပ်ထားခံရသလို ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း ခြေလှမ်းသစ်တွေ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ပါ ထွက်ဆိုထားခဲ့ပါသေးတယ်။
ယူနိုက်တက်အနေနဲ့ကလည်း ရပ်ရှ်ဖို့ဒ်ကို ဇန်နဝါရီ ဈေးကွက်မှာပဲ ရောင်းချသွားချင်ပေမယ့် ပြန်လည် အစားထိုးဖို့ မလွယ်ကူတာကြောင့် လာမယ့် နွေမှသာ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ အခြေအနေကိုလည်း အာဆင်နယ် ဘာစီလိုနာ ပီအက်စ်ဂျီတို့အပါအဝင် အသင်းတချို့ကပါ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေပါတယ်။
Photo Credit : TEAMtalk
လက်ရှိ TEAMtalk ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘာစီလိုနာဟာ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် သူတို့အသင်းရဲ့ စပိန် တိုက်စစ်ကစားသမား ဖာတီနဲ့ ကစားသမားချင်း swap deal လုပ်ဆောင်သွားချင်နေပါတယ်။ ဖာတီကလည်း ယူနိုက်တက် ခေါ်ယူချင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါသေးတယ်။
ဖာတီက လီယွန်နယ် မက်ဆီနေရာအတွက် အစားဝင်နိုင်မယ့်သူလို့ ယူဆခံခဲ့ရပေမယ့်လည်း ဒဏ်ရာတွေကြောင့် ခြေစွမ်းပိုင်း ကျဆင်းခဲ့ရသလို ဘရိုက်တန်အသင်းမှာ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ ဖာတီက ဒီရာသီမှာလည်း ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ (၇)ပွဲသာ ကစားထားရပါသေးတယ်။