အာဆင်နယ်အသင်းမှာ အနာဂတ် မရေမရာပါ ဖြစ်လို့နေတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ်လ် ဂျေဇူးဟာ ဒီနောက်ပိုင်းမှာတော့ အသင်းအတွက် ဟက်ထရစ်ပါ သွင်းယူထားသလို နောက်ဆုံး (၂)ပွဲမှာ (၅)ဂိုးအထိပါ သွင်းယူပြီး ဂိုးမြူးလျက် ရှိနေပါတယ်။
အသက် (၂၇)နှစ်အရွယ် မန်စီးတီး ကစားသမားဟောင်း ဂျေဇူးဟာ ဒီနှစ်ဘောလုံးရာသီထဲမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၀) ကစားထားပြီးချိန် ပရက်စတန်နဲ့ ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာပဲ သွင်းဂိုး(၁)ဂိုးတည်းသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပေမယ့် နောက်ဆုံး(၂)ပွဲမှာတောင် (၅)ဂိုးအထိပါ သွင်းယူလာနိုင်ပါတယ်။
Photo Credit : Gabriel Jesus’s X
ဂျေဇူးဟာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်နဲ့ ပဲလေ့စ်နဲ့ပဲ ဆက်လက် ကစားခဲ့ရပြန်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တို့မှာ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လိဂ်ဖလားပွဲမှာတော့ ဂျေဇူးက ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့တာ ဖြစ်သလို အသင်းကိုလည်း ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီမတိုင်ခင်မှာ ဂျေဇူးဟာ လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာ အသင်းကနေ ရောင်းချခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်သလို ထိပ်တန်း တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူရာမှာလည်း ဂျေဇူးကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးဖွယ် ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်ခဲ့ပါသေးတယ်။
Photo Credit : The New York Times
ဒါပေမယ့် ဒီကောလဟာလတွေကို အာဆင်နယ်နည်းပြ အာတီတာက ငြင်းဆန်ထားခဲ့သလို form မိနေတဲ့ ဂျေဇူးကိုလည်း အသင်းမှာ နေရာဆက်ပေးသွားဖို့လည်း ရှိနေပါတယ်။ ဒီအခြေအနေမှာ ဂျေဇူးက “အသင်းမှာ ပြန်ကစားခွင့်ရတာ တကယ်ကောင်းပါတယ်။ ဒီထက်မကလည်း ပိုကစားချင်ပါသေးတယ်။”
“အာဆင်နယ်ဆိုတာ ကြီးမားတဲ့ ကလပ်အသင်းကြီး ဖြစ်သလို ဒီအသင်းရဲ့ အထောင်တိုက်စစ်နေရာမှာ ကစားရတဲ့ ဖိအားကိုလည်း ကျွန်တော် သိရှိထားပါတယ်။ ဒါပေမယ့် ကျွန်တော့် မျက်နှာမှာ အပြုံးတွေနဲ့ ကစားနေမယ်ဆိုရင်တော့ အရာအားလုံးက ကွဲပြားခြားနားသွားရပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။