စူပါကွန်ပျူတာရဲ့ တွက်ချက်များအရ ရူဘင် အမော်ရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၁၃)နေရာနဲ့သာ အဆုံးသတ်နိုင်လိမ့်မယ်လို့ သိရှိရပြီး လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့လည်း သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ပရီးမီးယားလိဂ်မှာ အဆင့်(၁၄)နေရာထိ ရောက်ရှိနေရလို့ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီး သူ့နေရာမှာ စပို့တင်း လစ္စဘွန်းအသင်းနည်းပြ ရူဘင် အမော်ရင်နဲ့ အစားထိုးခဲ့ပေမယ့် အသင်းက လက်ရှိမှာလည်း အဆင့်(၁၃)မှာပဲ ရှိနေရပါတယ်။
Photo Credit : The Telegraph
နည်းပြသစ် အမော်ရင် လက်ထက်မှာ ယူနိုက်တက်အသင်းက (၅)ပွဲကစားထားပြီး (၂)ပွဲနိုင် (၂)ပွဲရှုံး (၁)ပွဲသရေကျထားပြီး ဒါဟာ ကျေနပ်စရာကောင်းလောက်တဲ့ စွမ်းဆောင်ရည်မျိုး မဟုတ်သေးပေမယ့်လည်း နည်းပြသစ်လက်အောက် ပြောင်းလဲမှုတွေ များစွာ ရှိနေတဲ့ အခြေအနေ ဖြစ်နေတာမို့ ဒီရာသီမှာ သိပ်မျှော်လင့်စရာ အနေအထား ရှိမနေပါဘူး။
ဒါ့အပြင် BetVictor ကနေ စူပါကွန်ပျူတာက ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရပ်တည်ချက်တွေ တွက်ချက်ကြည့်လိုက်ရမှာ ယူနိုက်တက်က ရမှတ်(၄၅)မှတ်နဲ့ လက်ရှိ အဆင့်ရပ်တည်မှုဖြစ်တဲ့ အဆင့်(၁၃)နေရာနဲ့သာ ရာသီသိမ်းနိုင်လိမ့်မယ်လို့ ထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : The Independent
စူပါကွန်ပျူတာ တွက်ချက်မှုအတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆိုးရွှားဆုံး အဆင့်ရပ်တည်မှုနဲ့ ရာသီသိမ်းရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုသာ ရပ်တည်ခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ လာမယ့် ဘောလုံးရာသီထဲ ဥရောပပြိုင်ပွဲတွေပါ ဝင်ရောက် ဆင်နွဲရတော့မှာ မဟုတ်သလို ကစားသမား ဖြည့်တင်းမှုမှာပါ အနည်းနဲ့အများ အကျိုးသက်ရောက်လာနိုင်ပါတယ်။
ဒီစူပါကွန်ပျူတာရဲ့ ရလဒ်တွေအရ လီဗာပူးလ် ချယ်လ်ဆီး အာဆင်နယ်အသင်းတွေက လက်ရှိ ရပ်တည်ချက်တွေအတိုင်း ရာသီကုန်ချိန်အထိ ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး မန်စီးတီးအသင်းကတော့ အဆင့်(၄)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားမယ်လို့ သိရပါတယ်။