အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့ ပစ်မှတ်ဟောင်းဖြစ်တဲ့ ဆာဘီးယား တိုက်စစ်ကစားသမား ဒူဆန် ဗလာဟိုဗစ်ကို လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ ထပ်မံ ပစ်မှတ်ထားနေပြန်တယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်က ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားအသင်းမှာ ကစားစဉ်ကတည်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့် ဗလာဟိုဗစ်ကိုတော့ အာဆင်နယ်ထက် ဂျုဗင်တပ်စ်အသင်းကသာ လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ခဲ့သလို အခုဆိုရင် ဗလာဟိုဗစ်က ဂျုဗင်တပ်စ်အတွက် ပွဲပေါင်း (၁၁၈)ပွဲအထိတောင် ကစားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Goal

ဗလာဟိုဗစ်ဟာ ဂျုဗင်တပ်စ်ရဲ့ တိုက်စစ်ပိုင်းမှာ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်တဲ့အပြင် ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ (၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့် ဂျုဗင်တပ်စ်က တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းလောက်အထိ ပေးချေနေရတဲ့ ဗလာဟိုဗစ်ကို အခု ဆောင်းဈေးကွက်မှာပဲ ရှင်းထုတ်သွားချင်နေပါတယ်။

ဗလာဟိုဗစ်နဲ့ ဂျုဗင်တပ်စ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအရ လာမယ့် ၂၀၂၆ခုနှစ်မှာ ကုန်ဆုံးရတော့မှာ ဖြစ်လို့ တကယ်လို့ ၂၀၂၅ ဆောင်းဈေးကွက်မှာ ရောင်းချမယ်ဆိုရင် ပြောင်းရွှေ့ကြေးက အနိမ့်ဆုံး ပေါင် သန်း(၅၀)လောက်နဲ့ ရောင်းချလို့ရနိုင်မှာ ဖြစ်တဲ့အတွက် ကမ်းလှမ်းမှုတွေကို နားစွှင့်လာဖွယ် ရှိနေပါတယ်။

Photo Credit : Transfermarket

ဒီအခြေအနေမှာ အာဆင်နယ်ကလည်း သူတို့ပစ်မှတ်ဟောင်း ဗလာဟိုဗစ်ကို ထပ်မံ ကြိုးပမ်းလာဖို့ ရှိနေပြီး ကလပ်အသင်း တချို့ကလည်း ဂျုဗင်တပ်စ်နဲ့ ဗလာဟိုဗစ်တို့ရဲ့ အခြေအနေကို စောင့်ကြည့်ကာ ဗလာဟိုဗစ်အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။

အာဆင်နယ်ကတော့ လတ်တလောမှာ နယူးကာဆယ်ရဲ့ ဆွီဒင် တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကိုလည်း ချိန်ရွယ်လို့နေပေမယ့် အီဆက်ခ်အတွက် ပြောင်းရွှေ့ကြေးက အလွန်များပြားဖွယ် ရှိနိုင်တာကြောင့် အီဆက်ခ်ထက် တန်ကြေး ပိုသက်သာနိုင်မယ့် ဗလာဟိုဗစ်ကိုသာ ဦးစားပေးလာနိုင်ပါတယ်။