မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး လူးဝစ် ဆာဟာက ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါလ် ပေါ့ဘာကို အသင်းဆီ ပြန်လည် ခေါ်ယူသွားသင့်တယ်လို့ အကြံပြု တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်နဲ့ ဂျုဗင်တပ်စ် ကစားသမားဟောင်း ကွင်းလယ်လူ ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲမှု ပြဿနာကြောင့် (၄)နှစ်ပွဲပယ် ပြစ်ဒဏ်ကြီးနဲ့ ရင်ဆိုင်လိုက်ရပေမယ့် အယူခံ အောင်မြင်မှုကြောင့် (၄)နှစ်ကနေ (၁၈)လအထိ ပြောင်းလဲ လျော့ပေါခံလိုက်ရပြီး လာမယ့် ၂၀၂၅ မတ်လမှာပဲ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit : Stretty News

ဒီလို ပွဲပယ်ပြစ်ဒဏ် လျော့ချခံလိုက်ရပေမယ့်လည်း ဂျုဗင်တပ်စ်အသင်းကတော့ ပေါ့ဘာနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ ဆောင်ရွှက်လာခဲ့တာကြောင့် သိပ်မကြာသေးခင်ကပဲ ပေါ့ဘာနဲ့ ဂျုဗင်တပ်စ်တို့ တရားဝင် စာချုပ်ဖျက်သိမ်းလိုက်ကြပြီး ပေါ့ဘာလည်း ကလပ်အသင်း်လက်မဲ့ ကစားသမား ဖြစ်လာခဲ့ရပါတယ်။

Free agent player ဖြစ်လာခဲ့တဲ့ ပေါ့ဘာဟာ ပြင်သစ်လီဂူးက မာဆေးလ်အသင်းအပြင် မေဂျာလိဂ်က ကလပ်အသင်းတွေနဲ့ပါ သတင်းတွေ ထွက်ပေါ်လို့နေပေမယ့်လည်း ပေါ့ဘာကတော့ လက်ရှိအချိန်ထိ အသင်းသစ် မတွေ့ရှိသေးဘဲ သူ့အတွက် အဆင်ပြေနိုင်မယ့် အသင်းကိုသာ ရှာဖွေနေဆဲ ရှိနေပါတယ်။

Photo Credit : Stretty News

ဒီအချိန်မှာ ပေါ့ဘာနဲ့ တစ်နိုင်ငံတည်းသားလည်းဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူးဟောင်း ဆာဟာက “ကျွန်တော် ပေါ့ဘာအကြောင်း တွေးတောမိလိုက်ချိန်မှာ သူ့ကို ခေါ်ယူလိုက်မယ်ဆိုရင် အပြုသဘောမဆောင်တဲ့ အရာတွေထက် အပြုသဘောဆောင်တဲ့ အရာတွေ ပိုများလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။”

“နောက်ပြီး ပေါ့ဘာဟာ လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားသင့်တဲ့ ကစားသမား ဖြစ်တယ်လို့ ထင်မိပါတယ်။ ပရီးမီးယားလိဂ်က ထိပ်သီး ကလပ်အသင်းတွေ အားလုံးကလည်း ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် အံ့အားသင့်ဖွယ် အခွင့်အရေးတစ်ခု ရှိနေတယ် ဆိုတာကို မြင်သင့်ပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။