မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ် ဂွါဒီယိုလာက သူ့အသင်း လက်ရှိ ကြုံတွေ့နေရတဲ့ ရလဒ်တွေ လက်ရှိ form တွေက အသင်းသားတွေအတွက် စိတ်ပျက်စရာ ဖြစ်နေရသလို သူ့အတွက်ဆိုရင်လည်း ညဘက်တွေ အိပ်မရအောင် ဖြစ်စေရတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးအသင်းက နောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၆)ပွဲမှာ (၆)ပွဲလုံး နိုင်ပွဲပျောက်ထားခဲ့ပြီး (၅)ပွဲဆက် ရှုံးထားကာ (၁)ပွဲသရေကျခဲ့ပါတယ်။ နိုဝင်ဘာလတစ်လလုံး နိုင်ပွဲပျောက်ထားခဲ့ရတဲ့ မန်စီးတီးဟာ ဒီဇင်ဘာလရဲ့ လအစပိုင်းမှာပဲ ရလဒ်တွေ ဆက်တိုက်ကောင်းမွန်နေတဲ့ လီဗာပူးလ်နဲ့ ထိပ်တိုက် တွေ့ဆုံနေပြန်ပါတယ်။
Photo Credit : Barca Blaugranes
လီဗာပူးလ်ကတော့ နည်းပြသစ် ဆလော့လက်ထက် ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ခြေစွာလို့နေပြီး ပြိုင်ပွဲကြီး နှစ်ခုလုံးမှာ အဆင့်(၁)နေရာတွေနဲ့ ရပ်တည်လို့နေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးကတော့ လီဗာပူးလ်နဲ့ (၈)မှတ်ထိ ကွာနေရလို့ အခု ထိပ်တိုက် တွေ့ဆုံမှုမှာ မန်စီးတီးအတွက် မဖြစ်မနေ အနိုင်ယူရမယ့် ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။
အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စီးတီးနည်းပြ ဂွါဒီယိုလာက “ကျွန်တော် လုံးဝ မပျော်ရွှင်ပါဘူး။ ပွဲတိုင်း အနိုင်ရတုန်းကလိုမျိုး ကောင်းကောင်း အိပ်မရတော့ဘူး။ အခုအချိန်မှာတော့ ကျွန်တော့် ကစားသမားတွေနဲ့ ပိုပြီး ရင်းရင်းနှီးနှီး ရှိနေချင်တယ်။ သူတို့တွေ စိတ်ဒုက္ခ ရောက်နေကြတယ်ဆိုတာ သိနေလို့ သူတို့ကို ကျွန်တော် ခွန်အားပေးချင်ပါတယ်။”
Photo Credit : BBC
“သူတို့တွေက အို ဘုရားသခင် ဖိုင်ယင့်နောကို ဘယ်လိုမှ အနိုင်မယူနိုင်ခဲ့တာလဲ စပါးနဲ့ပွဲမှာ ရလာတဲ့ အခွင့်အရေးတွေကနေ ဘာကြောင့် ဂိုးမသွင်းနိုင်ရတာလဲဆိုပြီး တွေးနေကြမယ်ဆိုတာ ကျွန်တော် သိတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့က ကျေနပ်နေမှုကို ဖယ်ရှားပြီး ပိုပြီး အားထည့် လုပ်နေရမယ်။ လောလောဆယ်မှာလည်း ဒါကို သူတို့ လုပ်ချင်ပေမယ့် မှန်ကန်တဲ့ နည်းလမ်းကို ရှာမတွေ့သေးဘူး။”
“ကျွန်တော် ဘာလုပ်နိုင်မလဲ။ ကစားသမားတွေကိုပဲ အပြစ်တင်ရမလား။ ဒါမျိုးတော့ ကျွန်တော် လုံးဝ မလုပ်ပါဘူး။ ဒီလို အခြေအနေတွေက ကျော်လွန်သွားမှာပါ။ ဘယ်အရာမှ ထာဝရ တည်တံ့နေမှာ မဟုတ်ဘူးလေ။ ရှုံးပွဲတွေ ကြုံရတဲ့အခါ လှောင်ပြောင်ခံရတာက အားကစားမှာ သာမန်ကိစ္စပါပဲ။ တစ်ခါတစ်ရံမှာ အလုပ်မဖြစ်ပေမယ့် နောက်ရက်ကျရင် အလုပ်ဖြစ်လိမ့်မယ်ဆိုတာ သိနေလို့ ယုံကြည်မှု ရှိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။