လီဗာပူးလ်အသင်းရဲ့ ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ် ဒီးယက်ဇ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက် အဆင်မပြေမှုတွေ ရှိနေတာကြောင့် အနာဂတ် အခြေအနေပါ မရေမရာ ဖြစ်လာခဲ့ရပြီး ဒီးယက်ဇ်ကိုလည်း ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေကပါ စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

အသက် (၂၇)နှစ်အရွယ် ကိုလံဘီယာ လက်ရွေးစင် ဘယ်တောင်ပံကစားသမား ဒီးယက်ဇ်ဟာ ၂၀၂၂ခုနှစ် ဆောင်းဈေးကွက်ကမှ ပေါ်တိုကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းကနေ ဒီးယက်ဇ်ဟာ လီဗာပူးလ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Photo Credit : beIN SPORTS

အခုဆိုရင် ဒီးယက်ဇ်က လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁၆)ပွဲအထိ ကစားပြီးထားချိန်မှာ သွင်းဂိုး (၃၃)ဂိုး သွင်းယူထားသလို (၁၅)ဂိုးအထိလည်း ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ လီဗာပူးလ် ဒီးယက်ဇ်ကို ပေါ်တိုကနေ (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်လို့ ဒီးယက်ဇ်နဲ့ လီဗာပူးလ်တို့က လာမယ့် ၂၀၂၇မှာ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။

လီဗာပူးလ်က လက်ရှိမှာ မိုဆာလာ ဗန်ဒိုက် အာနိုးတို့လို လာမယ့် ၂၀၂၅ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ထိပ်တန်း ကစားသမားတွေရဲ့ စာချုပ်ကိစ္စကို ဦးစားပေး လုပ်ဆောင်နေရသလို အသင်းမှာ စွမ်းဆောင်ရည်ကောင်း ပြသနေတဲ့ ကစားသမား တချို့ကိုလည်း သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။

Photo Credit : Transfermarket

ဒီထဲမှာ ဒီးယက်ဇ်လည်း ပါဝင်လို့နေသလို စာချုပ်သစ် ကိစ္စလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေကြပေမယ့် ကစားသမားဘက်ကတော့ လက်ရှိ အသင်းမှာ ရရှိနေတဲ့ လုပ်ခထက် ပိုမို မြင့်မားတဲ့ လုပ်ခမျိုးနဲ့ ကမ်းလှမ်းလာတာကိုသာ အလိုရှိနေတာကြောင့် ဆွေးနွေးမှုက အဆင်မပြေနိုင်သေးဘဲ ထပ်မံ ဆွေးနွေးသွားရဖွယ်လည်း ရှိနေပါတယ်။

ဒီလို အခြေနေမျိုး ရှိနေတဲ့ ဒီးယက်ဇ်ကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေကနေ စောင့်ကြည့်လျက် ရှိနေပြီး တကယ်လို့ ဒီးယက်ဇ်ဘက်ကသာ လီဗာပူးလ်ရဲ့ စာချုပ်ကမ်းလှမ်းမှုကို ပယ်ချခဲ့မယ်ဆိုရင် လာမယ့်နွေမှာပဲ ဒီးယက်ဇ်အတွက် ကမ်းလှမ်းမှုတွေ အပြိုင်အဆိုင် လုပ်ဆောင်လာနိုင်ပါတယ်။