ဒီရာသီမှာ ဖီအိုရင်တီးနားအသင်းနဲ့ ပတ်သက်ပြီး အဓိက စိတ်ဝင်စားခဲ့ကြတာကတော့ မန်ချက်စတာ ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကို ခေါ်ယူလိုက်တာပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီဂီယာကြောင့် ဖီအိုရင်တီးနား ပွဲတချို့ကို စောင့်ကြည့်မိရင်းကနေ အခုဆို ဒီအသင်းက စီးရီးအေမှာ ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အခြေအနေအထိပါ ရောက်လာခဲ့ရပါတယ်။

ဒီရာသီ စီးရီးအေပြိုင်ပွဲမှာလည်း လက်ရှိအခြေအနေတွေအရ အသင်းအရေအတွက်ပေါင်း (၆)သင်းလောက်က စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေကြပြီး ဒီအသင်းတွေထဲမှာ ဖီအိုရင်တီးနားလည်း အပါအဝင် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Il Corriere del Pallone

ဖီအိုရင်တီးနားအသင်းက လက်ရှိ စီးရီးအေ (၁၃)ပွဲအထိ ကစားပြီးချိန်မှာ နိုင်ပွဲ (၈)ပွဲ သရေပွဲက (၄)ပွဲနဲ့ ရှုံးပွဲ (၁)ပွဲတည်းသာ ရှိခဲ့ပါတယ်။ ရာသီအစတုန်းက အတ္တလန်တာ တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ခဲ့တဲ့ ဖီအိုရင်တီးနားဟာ အခုဆိုရင်တော့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ (၅)ပွဲဆက်တိုက်အထိ နိုင်ပွဲဆက်ထားခဲ့ပါတယ်။

ဖီအိုရင်တီးနားက အခု ကစားထားခဲ့သမျှ စီးရီးအေပွဲစဉ်တွေထဲမှာဆိုရင် လာဇီယို အေစီမီလန် ရိုးမားတို့လို အသင်းကောင်းတွေကို ဆက်တိုက် အနိုင်ယူထားခဲ့သလို ဒီနေ့ညမှာလည်း အင်တာမီလန်လို အမှတ်တူ အသင်းမျိုးနဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲမှာပါ ရလဒ်ကောင်းတွေ ရယူသွားနိုင်ဦးမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Photo Credit : Planet Football

ဒါ့အပြင် ဒီရာသီမှ ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေထဲကမှ ပရီးမီးယားလိဂ် အကျတွေလို့ ပြောရမယ့် အဲဗာတန် တိုက်စစ်မှူးဟောင်း မွိုက်စ်ကင်းနဲ့ ယူနိုက်တက် ဂိုးသမားဟောင်း ဒီဂီယာတို့က ဖီအိုရင်တီးနားအသင်းအတွက် အတော်လေး ခြေစွမ်းပြ လက်စွမ်းပြသနိုင်ခဲ့ကြပါတယ်။

အသက် (၂၄)နှစ်သာ ရှိသေးတဲ့ ဂျုဗင်တပ်စ် ပီအက်စ်ဂျီ အဲဗာတန် ကစားသမားဟောင်း တိုက်စစ်မှူး မွိုက်စ်ကင်းက ဖီအိုရင်တီးနားအတွက် စီးရီးအေ သွင်းဂိုး (၉)ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး စပိန်လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာဟာလည်း စီးရီးအေ (၁၀)ပွဲကစား (၅)ပွဲအထိ Clean Sheets ရယူပေးထားနိုင်ကာ (၇)ဂိုးပဲ ခွင့်ပြုထားခဲ့ရပါတယ်။