လီဗာပူးလ် အေဂျက်စ်နဲ့ ဖူလ်ဟမ်အသင်းတွေရဲ့ ကစားသမားဟောင်းကြီး ရိုင်ယန် ဘာဘယ်လ်က လက်ရှိမှာ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အကြံပြု တိုက်တွန်း ေြ့ပာဆိုလိုက်ပါတယ်။
အသက် (၃၁)နှစ်အရွယ် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲခဲ့မှုကြောင့် ဘောလုံးကစားခြင်းကနေ (၄)နှစ်အထိတောင် နှစ်ရှည် ပွဲပယ်ခံလိုက်ရပေမယ့် ဒါကို ပေါ့ဘာဘက်က အားကစားခုံရုံးဆီ အယူခံဝင်ခဲ့ရာမှာ အယူခံအောင်မြင်ခဲ့ရင်း (၄)နှစ်ကနေ (၁၈)လအထိ ပွဲပယ်ပြစ်ဒဏ်ကို လျော့ချခံလိုက်ရပါတယ်။
Photo Credit : Goal
ဒီအခြေအနေကြောင့် ပေါ့ဘာက ၂၀၂၅ ဇန်နဝါရီမှာ training တွေ ပြန်ဆင်းနိုင်မှာ ဖြစ်သလို မတ်လမှာလည်း ဘောလုံးပွဲတွေကို တရားဝင် ပြန်ကစားနိုင်တော့မှာ ဖြစ်ပေမယ့် ဂျုဗင်တပ်စ်ဘက်က ပေါ့ဘာကို အသင်းမှာ ဆက်ထားဖို့ထက် စာချုပ်ဖျက်သိမ်းဖို့ကိုသာ ဆုံးဖြတ်လိုက်တာကြောင့် နောက်ဆုံးမှာ ပေါ့ဘာနဲ့ ဂျုဗင်တပ်စ်တို့ နှစ်ဦးသဘောတူ လက်တွဲဖြုတ်ဖြစ်လိုက်ကြပါတယ်။
အသင်းလက်မဲ့ ဖြစ်သွားတဲ့ ပေါ့ဘာဟာ မေဂျာလိဂ် ကလပ်အသင်းတွေ ပြင်သစ်လီဂူးကလပ်တွေ ပရီးမီးယားလိဂ်အသင်းတွေနဲ့ သတင်းတွေ ထွက်နေသလို ပေါ့ဘာကိုယ်တိုင်ကလည်း သူ ပြောင်းရွှေ့ချင်မယ့် အသင်းကို အသေအချာ စဉ်းစားရွေးချယ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖူလ်ဟမ်ကစားသမားဟောင်း ဘာဘယ်လ်က “ပေါ့ဘာဟာ ပရီးမီးယားလိဂ်အသင်းတွေအတွက် ကောင်းမွန်တဲ့ ဖြည့်တင်းမှု ဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်မိပါတယ်။”
Photo Credit : Goal
“တစ်ခုတည်းသော မေးခွန်းက သူ ဘယ်အသင်းကို ပြောင်းမလဲဆိုတာ။ ဖူလ်ဟမ်လိုမျိုး မန်ယူနိုက်တက်လောက် ဖိအား မမြင့်မားတဲ့ အသင်းဆီကို သူ ပြောင်းလိုက်သင့်ပါတယ်။ ဒါက ဖိအားဒဏ်တွေကို သူမကိုင်တွယ်နိုင်ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သူက အဲ့ဒီမှာဆိုရင် ဖိအားတွေ အရမ်းများနေပါလိမ့်မယ်။ ထိပ်သီးအသင်းတွေဆီ သူ ပြောင်းသွားမယ်ဆိုရင် အားလုံးရဲ့ အာရုံစိုက်မှုနဲ့အတူ ဖ်ိအားတွေ ပြန်ရပါလိမ့်မယ်။”
“သူကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာကိုလည်း အားလုံး သိကြမှာပါ။ သူက ဖလားတွေအတွက် ဖိအား မလိုအပ်တဲ့ အသင်းတွေဆီသာ ပြောင်းလိုက်တာ ပိုကောင်းမယ်လို့ ထင်မိတယ်။ အဲ့ဒီကနေ ထိပ်တန်းအဆင့် ကစားသမားတစ်ဦးအဖြစ် သူ့ကိုယ်သူ ပြန်လည် ထူထောင်နိုင်မယ်။ ဒီလိုအသင်းတွေမှာလည်း သူ ထူးချွန်လာလိမ့်မယ်။ သူက ဘောလုံးမကစားရတာ ကြာပြီမို့ သူရဲ့ နဂိုအခြေအနေအတိုင်း ပြန်ရဖို့က မလွယ်ပါဘူး။ ဒါပေမယ့် သူ့မှာ အဲ့ဒီအတိုင်း ပြန်ဖြစ်လာနိုင်အောင် လုပ်နိုင်မယ့် အရည်အချင်းတွေ ရှိပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။