မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြသစ် ရူဘင် အမော်ရင်က နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက် နည်းပြဘဝ ပထမဆုံးသော နိုင်ပွဲကို စတင် ပိုင်ဆိုင်လိုက်ရပေမယ့်လည်း စိုးရိမ် ကြောင့်ကြမှုကိုပါ ခံစားမိခဲ့ရတယ်လို့ ဝန်ခံ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက် နည်းပြသစ် အမော်ရင်ဟာ အစ်ဝစ်ချ်တောင်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံး စတင် တာဝန်ယူခဲ့ရပေမယ့်လည်း အသင်းက နိုင်ပွဲမရခဲ့ဘဲ တစ်ဂိုးစီ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ရပေမယ့် အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာတော့ (၃)ဂိုး (၂)ဂိုးနဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီပွဲမှာ အနိုင်ရလဒ် ရသွားခဲ့ပေမယ့် ဧည့်သည်အသင်းရဲ့ (1-2) ဆိုတဲ့ ရလဒ်မျိုးနဲ့ ဦးဆောင်မှုကို ခံခဲ့ရပြီးမှ ဟွိုင်လန်းရဲ့ ဂိုးတွေနဲ့အတူ နိုင်ပွဲ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ဒီပွဲမှာ တိုက်စစ်ပိုင်းကသာ ပိုမို ထက်မြက်ခဲ့မယ်ဆိုရင် ဂိုးပြတ်ရလဒ်ပါ ထွက်ပေါ်နိုင်ပေမယ့်လည်း ဖြုန်းတီးမှုတွေ များခဲ့သလို ခံစစ်ပိုင်းမှာလည်း အားနည်းချက်တွေ ရှိခဲ့ပါတယ်။

ပွဲအပြီးမှာ နည်းပြအမော်ရင်က “ပွဲအစမှာ ကောင်းခဲ့ပေမယ့် transitions (၂)ခုကနေ (၂)ဂိုးပြန်ပေးလိုက်ရတယ်။ ကစားသမားတွေ ကြိုးစားပမ်းစားနဲ့ ကစားသွားတဲ့ ပုံစံကိုတော့ ကျွန်တော် သဘောကျမိတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့က ဘောလုံးတွေ ရပေမယ့်လည်း ဘောလုံး မှားယွင်းပေးပို့မှုလို အရင်တုန်းက ရှိခဲ့ဖူးတဲ့ ပြသာနာလိုမျိုးတွေကြောင့် ကစားသမားတွေရဲ့ အတွေးအခေါ်က ဘောလုံးကို ထိန်းထားနိုင်ဖို့ ဖြစ်လာတယ်။”

Photo Credit : Fabrizio Romano

“ကစားသမားတွေက တကယ့်ကို ကြိုးစားကစားသွားကြတာမို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲက ဘာဆက်လာမလဲဆိုတာ မသိနိုင်လို့ ကျွန်တော် စိုးရိမ် ကြောင့်ကြခဲ့ရပါတယ်။ လောလောဆယ် ဘာကိုမှ ထိန်းချုပ်လို့ မရနိုင်ဘူးဆိုပေမယ့် ဒါက ကျွန်တော်တို့တွေ မတူညီတဲ့ အရာတွေကို ကြည့်ဖို့ ကြိုးစားနေကြတာပါ။”

“ကျွန်တော် အသင်းက ကစားသမားတွေအကြောင်း မသိသေးသလို ကျွန်တော်တို့လည်း အလုပ်တွဲလုပ်တာ မကြာသေးပါဘူး။ ကျွန်တော်တို့က ပွဲကို စိတ်လှုပ်ရှားစွာ ကစားနေကြပေမယ့် တစ်ချိန်တည်းမှာပဲ ပွဲကို ဘယ်လိုသွားမလဲဆိုတာ မသိရလို့ ဒါက စိတ်ပူပန်စရာ စိုးရိမ်စရာတွေ ဖြစ်စေရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။