ရီးယဲလ် မက်ဒရစ်အသင်းဟာ မနေ့ညက လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး league phase အဆင့်ရပ်တည်မှုရဲ့ အဆင့်(၂၄)အထိ ရောက်နေရပေမယ့် နောက်တစ်ဆင့်ကိုတော့ တက်လှမ်းနိုင်လိမ့်မယ်လို့ အသင်းနည်းပြကြီး ကားလို့ အန်ဆယ်လော့တီက အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံလည်းဖြစ်ပြီး အအောင်မြင်ဆုံးအသင်းလည်းဖြစ်တဲ့ ရီးယဲလ်က ဒီရာသီ ပုံစံသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသစ်မှာ (၅)ပွဲအထိ ကစားထားပြီးချိန် လိုင်လီ အေစီမီလန်နဲ့ လီဗာပူးလ်အသင်းတွေကို အရှုံးပေးထားခဲ့ပြီး ဒေါ့မွန်နဲ့ စတုဂတ်တို့ကိုသာ အနိုင်ရထားခဲ့ပါတယ်။

Photo Credit : CBS Sports

အခုဆိုရင် ရီးယဲလ်က နောက်တစ်ဆင့်တက်ဖို့အတွက် သတ်မှတ်ထားတဲ့ အောက်ဆုံးအဆင့်ဖြစ်သော အဆင့်(၂၄)အထိ ရောက်နေတာကြောင့် လာမယ့် ချန်ပီယံလိဂ်ပွဲတွေမှာ ထပ်ပြီး အမှားခံလို့ မဖြစ်တော့တဲ့ အခြေအနေအထိ ရောက်သွားခဲ့ရပါတယ်။ ရီးယဲလ်က ချန်ပီယံလိဂ် league phase ပွဲစဉ်တွေအဖြစ် အတ္တလန်တာ ဆာလ်ဇ်ဘာ့ဂ် ဘရက်စ်တို့နဲ့ ဆက်လက် ကစားသွားရဦးမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံး အတွေ့အကြုံကောင်းတွေ အရှိဆုံးအသင်း ဖြစ်ပေမယ့် (၃)ပွဲအထိတောင် ရှုံးထားတာနဲ့ အဆင့်(၂၄)အထိတောင် ရောက်နေတာက ရီးယဲလ်အတွက် အနည်းငယ် စိုးရိမ်စရာ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် နည်းပြကြီး အန်ဆယ်လော့တီကတော့ “ကျွန်တော်တို့တွေ နောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်ပါလိမ့်မယ်။”

Photo Credit : Real Madrid CF

“ကျွန်တော်တို့အသင်းက နှစ်စဉ်နှစ်တိုင်းလည်း ဒီပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်နေကြပါ။ ဒါကို ခင်ဗျားတို့ မြင်တွေ့ရပါလိမ့်မယ်။ နောက်ပြီး အသင်းကလည်း ဒီပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားနိုင်ခဲ့တာကြောင့် သဘောကျမိပါတယ်။ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင်တောင် ဘာမှ သိပ်ပြီး ပြောင်းလဲမှာ မဟုတ်ပါဘူး။ Top 8 ထဲကို ဝင်ရောက်ဖို့က ခက်ခဲပါလိမ့်မယ်။”

“ကျွန်တော်ရဲ့ game plan ကလည်း ကောင်းမွန်ခဲ့တယ်။ နောင်တရစရာလည်း မရှိသလို ဒီပွဲကလည်း သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့ပွဲလည်း မဟုတ်ပါဘူး။ ဘာပေကိုလည်း ကျွန်တော်တို့အားလုံး ဝိုင်းဝန်းအားပေးနေမှာ။ သူက အခု သူကြုံတွေ့နေရတဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်မှာပါ။ အခုလို ရုန်းကန်နေရမှုကို သူ ရပ်တန့်ပစ်နိုင်မှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။