လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက် ဆာလာဟာ လက်ရှိ အသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေပေမယ့် လက်ရှိအချိန်ထိ အသင်းဘက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခြင်း မရှိသေးဘူး ဝန်ခံ ညည်းတွားပြောလာသွားခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် အီဂျစ်လက်ရွေးစင် ညာတောင်ပံ တိုက်စစ်ကစားသမား ဆာလာဟာ လွန်ခဲ့တဲ့ ၂၀၁၇ကတည်းက ရိုးမားကနေ လီဗာပူးလ်ဆီ ရောက်လာခဲ့ပြီး အဲ့ဒီအချိန်က စတင်ပြီး ဆာလာက လီဗာပူးလ်ရဲ့ တိုက်စစ်မှာ အဓိက အကျဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရင်း အသင်းသမိုင်းတစ်လျှောက် ပဉ္စမမြောက် ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : France24

လီဗာပူးလ်ရဲ့ ဂန္တဝင် ကစားသမားကြီးတွေဖြစ်တဲ့ စတီဗင် ဂျရတ်နဲ့ ရော်ဘီ ဖောင်လာတို့ရဲ့ ဂိုးသွင်းစံချိန်တွေကို ကျော်ဖြတ်ပြီး (၅)ယောက်မြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာတဲ့ ဆာလာဟာ အခုရာသီမှာလည်း အသင်းအတွက် (၁၈)ပွဲကစား (၁၂)ဂိုးသွင်းပြီး (၁၀)ဂိုးအထိလည်း ဂိုးဖန်တီးထားခဲ့ပါသေးတယ်။

လီဗာပူးလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေတဲ့ ဆာလာဟာ လာမယ့် ၂၀၂၅ ဇွန်လမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် အသင်းဘက်က စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ဆောင်သေးကြောင်းကို ဆာလာက “ကျွန်တော်တို့ ဒီဇင်ဘာလထဲ ရောက်လုနီးနေပြီ ဖြစ်ပေမယ့် အသင်းမှာ ဆက်ရှိနေဖို့ ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရရှိသေးပါဘူး။”

Photo Credit : Transfermarket

“ကျွန်တော်က ဒီမှာ ဆက်နေရဖို့ထက် ထွက်သွားရဖို့တောင် ပိုများနေပြီ။ ကျွန်တော် ဒီအသင်းမှာ နှစ်အတော်ကြာနေခဲ့တာ အားလုံး သိပါတယ်။ ကျွန်တော် ဒီလောက်နေခဲ့တဲ့ အသင်းလည်း မရှိဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ အနာဂတ်က ကျွန်တော့်လက်ထဲမှာ ရှိမနေဘူး။ အခု ဒီဇင်ဘာ ရောက်တော့မယ်။ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှမရသေးဘူး။”

“ကျွန်တော် ပရိသတ်တွေကို ချစ်တယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ကို ချစ်တယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဒါက ပရိသတ်ရဲ့လက်ထဲမှာရော ကျွန်တော့်လက်ထဲမှာပါ ရှိမနေဘူး။ ဆက်ပြီးတော့ပဲ စောင့်ကြည့်ရပါမယ်။ ဒီကိစ္စကြောင့် စိတ်ပျက်ရသလားဆိုရင် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ ရယူနိုင်ဖို့အတွက် အာရုံစိုက်ထားနေပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။” လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။