အာဆင်နယ် ကစားသမားဟောင်းဖြစ်သူ ဘာကရီ ဆဂ်ညာက အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ကစားသမားဟောင်း ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို အသင်းဆီ ရအောင် ခေါ်ယူသင့်တယ်လို့ အကြံပေး တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
အသက် (၃၁)နှစ်အရွယ် ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အရည်အသွေးမြင့် ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း တားမြစ်ဆေး သုံးစွဲမိခဲ့တဲ့ ပြသာနာကြောင့် ဘောလုံးကစားခြင်းကနေ (၄)နှစ်အထိ ပိတ်ပင်ခံရပြီးမှ အယူခံ အောင်မြင်ခဲ့လို့ (၄)နှစ်ကနေ (၁၈)လအထိ ပြစ်ဒဏ် လျော့ချခံခဲ့ရတာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ဒီလို ပြစ်ဒဏ်လျော့ပေါ့ခံရတဲ့ ပေါ့ဘာဟာ လာမယ့် ၂၀၂၅ မတ်လမှာပဲ ဘောလုံးပြန်ကစားခွင့် ရရှိတော့မှာ ဖြစ်ပေမယ့် မကြာသေးခင်ကမှ ဂျုဗင်တပ်စ်အသင်းနဲ့ ပေါ့ဘာတို့က နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းထားခဲ့တာကြောင့် ပေါ့ဘာက လက်ရှိမှာ ကလပ်အသင်းမဲ့ ကစားသမားပါ ဖြစ်နေရပါတယ်။
တရားဝင် free agent player ဖြစ်သွားတဲ့ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ကြတဲ့ ကလပ်အသင်းများစွာက အမြောက်အများ ရှိနေကြပေမယ့် ပေါ့ဘာနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဆဂ်ညာကတော့ ပေါ့ဘာကို သူ့အသင်းဟောင်း အာဆင်နယ်အသင်းဆီကိုသာ ရောက်ရှိစေချင်နေပါတယ်။
Photo Credit : Football365
“ပေါလ် ပေါ့ဘာက အာဆင်နယ်အသင်းအတွက် ကောင်းမွန်တဲ့ ဖြည့်တင်းမှုတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် အမြဲ ပြောခဲ့ဖူးပါတယ်။ သူက ကလပ်အသင်းအတွက် အကျိုးအမြတ်တစ်ခု အားသာချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော် ယုံကြည်တယ်။ သူရဲ့ ဖန်တီးနိုင်မှုနဲ့အတူ သူ့ကို ကာလတိုစာချုပ် ချုပ်ဆိုလိုက်ခြင်းက အာဆင်နယ်အတွက် အကျိုးရှိမှာပါ။”
“ဒါက ပေါ့ဘာကို ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက်လာနိုင်ဖို့ ကြံခိုင်မှုအပြည့်နဲ့ သူရဲ့ဘောလုံးရည်အသွေးတွေ ပြန်လည် ပြည့်ဝလာနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။” လို့ ဆဂ်ညာက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆဂ်ညာက သူ့အသင်းဟောင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် စပို့တင်း တိုက်စစ်မှူး ယိုကယ်ရက်စ်ကိုလည်း ရအောင် ခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ပါသေးတယ်။