မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်သူ ရူဘင် အမော်ရင်က အစ်ဝစ်ချ်တောင်းအသင်းနဲ့ ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ သူဟာ ယူနိုက်တက်အသင်းအတွက် မှန်ကန်တဲ့ အချိန်တစ်ခု ရောက်ရှိလာခဲ့တဲ့ မှန်ကန်တဲ့သူ ဖြစ်တယ်လို့ အခိုင်အမာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်လိုက်တဲ့ ယူနိုက်တက်က စပို့တင်း လစ္စဘွန်းအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ အသက် (၃၉)နှစ်အရွယ် ပေါ်တူဂီလူမျိုး ပေါ်တူဂီ ဘောလုံးသမားဟောင်း နည်းပြ အမော်ရင်ကို နည်းပြသစ်အဖြစ် အစားထိုး ခန့်အပ်ခဲ့ပြီး အမော်ရင်က Super Sunday ည အစ်ဝစ်ချ်နဲ့ ပွဲစဉ်မှာပဲ စတင် တာဝန်ယူသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Fabrizio Romano

အမော်ရင်ဟာ နည်းပြသက်တမ်း နည်းပြအတွေ့အကြုံ နုနယ်သေးပေမယ့် စပို့တင်းမှာ လုပ်ပြထားတဲ့ အောင်မြင်မှုတေတွက လျှော့တွက်လို့ မရသလို အင်္ဂလန် ဘောလုံးနယ်ပယ်နဲ့ လုံးဝ အကျွမ်းတဝင် မရှိသေးတဲ့ လူငယ်နည်းပြတစ်ဦးရဲ့ ဇ က ဘယ်လောက်ထိ ရှိနိုင်မလဲဆိုတာကလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာပါတယ်။

အခုတော့ အမော်ရင်ဟာ သူရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဦးဆုံး ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ သူပြောလိုတဲ့ အကြောင်းအရာများစွာ ပြောဆိုခဲ့ရင်း သူက ယူနိုက်တက်အတွက် မှန်ကန်တဲ့သူလို့ပါ ပြောဆိုလာပါတယ်။ “မန်ချက်စတာ ယူနိုက်တက်မှာ နိုင်ပွဲတွေရရင် အောင်မြင်မှုတွေရရင် အင်္ဂလန်က တခြားကလပ်တွေနဲ့ မတူဘဲ ပိုပြီး ကြီးကျယ်ခမ်းနားပါတယ်။”

Photo Credit : ESPN

“ မန်ယူနိုက်တက်ဆီ ရောက်လာပြီဆိုရင် လွန်ခဲ့တဲ့ နှစ်တွေက အောင်မြင်မှုတွေ သိပ်မရှိခဲ့တာတောင်မှ ဒီအသင်းရဲ့ ကြီးမားတဲ့ သမိုင်းကြောင်းကို ခံစားရပြီး အဲ့ဒီရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ချင်လာပါမယ်။ ကျွန်တော့်ကို နုံအတယ်။ မိုက်မဲတယ်လို့ ပြောပြော။ ဒါပေမယ့် ကျွန်တော်က မှန်ကန်တဲ့အချိန်မှာ အသင်းဆီ ရောက်လာတဲ့ မှန်ကန်တဲ့သူလို့ ယုံကြည်တယ်။”

“ကျွန်တော်က ဒီအသင်းအတွက် တကယ်မှန်ကန်တဲ့သူလို့ တထစ်ချ ယုံကြည်တယ်။ ကျွန်တော်က နည်းနည်းတော့ စိတ်ကူးယဉ်ဆန်ပြီးတော့ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု ရှိသလို ကျွန်တော့်အသင်းကိုလည်း ယုံကြည်တယ်။ အသင်းတာဝန်ရှိသူတွေ ကစားသမားတွေအားလုံးနဲ့ တူညီတဲ့ စိတ်ကူးတွေ ခံယူချက်တွေ ရှိနေပါမယ်။ ဒါက ခင်ဗျားက မဖြစ်နိုင်ဘူးထင်နေတယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ပဲ ထင်နေတယ်။” လို့ အမော်ရင်က ပြောဆိုခဲ့ပါတယ်။