မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြကြီးဖြစ်သူ ပက်ပ် ဂွါဒီယိုလာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် စာချုပ်ထဲမှာ ပါဝင်နေတဲ့ တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့်ကို အသက်သွင်ပြီး ၂၀၂၇ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေတော့မှာပဲ ဖြစ်ပါတယ်။
အသက် (၅၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နာမည်ကျော် ဘောလုံးနည်းပြကြီး ဂွါဒီယိုလာဟာ ဘာစီလိုနာ ဘိုင်ယန်မြူးနစ်တို့နဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို မန်စီးတီးမှာလည်း စံချိန်တင် အောင်မြင်မှုတွေအထိ ဆောင်းကြည်းပေးနိုင်ခဲ့တဲ့ ဘောလုံးနည်းပြတွေထဲကမှ GOAT တစ်ဦးလို့ပါ တင်စားရလောက်တဲ့ နည်းပြမျိုး ဖြစ်ပါတယ်။
Photo Credit : The Independent
လွန်ခဲ့တဲ့ ၂၀၁၆ကတည်းက မန်စီးတီးအသင်းဆီ ရောက်ရှိနေတဲ့ ဂွါဒီယိုလာဟာ မန်စီးတီးအတွက် သမိုင်းဝင် အောင်မြင်မှုတွေ ဆက်တိုက် ရယူပေးနိုင်ခဲ့လို့ အသင်းဘက်က သူ့ကို လုံးဝ လက်မလွတ်ချင်ဘဲ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာက စာချုပ်သက်တမ်း နောက်ဆုံးနှစ် ရောက်လာချိန်မှာတော့ ကောလဟာလတွေက အဆက်မပြတ် ထွက်ပေါ်လာခဲ့ပါတယ်။
ဂွါဒီယိုလာက မန်စီးတီးက ထွက်ခွာပြီး ဘယ်အသင်းကို ပြောင်းတော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေသလို မန်စီးတီးကလည်း ဂွါဒီယိုလာခေတ်လွန်မှာ ဘယ်နည်းပြကို ခန့်အပ်သွားဖို့ ချိန်ရွယ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။
Photo Credit : Sky Sports
အခု The Athletic သတင်းမီဒီယာကြီးရဲ့ ဖော်ပြချက်များအရ မန်စီးတီးဟာ နည်းပြ ဂွါဒီယိုလာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါအချက်အလက်မှာ ပါဝင်တဲ့ (၁)နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုသွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလြိ့ ဖော်ပြလာပါတယ်။ ဒါကြောင့် ဂွါဒီယိုလာဟာ လာမယ့် ၂၀၂၇ခုနှစ်အထိ မန်စီးတီး နည်းပြအဖြစ် ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးဘက်ကလည်း သူတို့အသင်းကို အောင်မြင်မှုတွေ အမြောက်အများ ရယူပေးခဲ့တဲ့ ဂွါဒီယိုလာကို အသင်းမှာ ရအောင် ထိန်းထားနိုင်ဖို့အတွက်သာ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး တခြားသော နည်းပြတွေနဲ့ ဆက်သွယ်ခြင်း ချိတ်ဆက်ခြင်းတွေ လုံးဝ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။