ရီးယဲလ် မက်ဒရစ်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ကစားသမားဟောင်း ဖာဘီယို ကွန်ထရာအိုက နည်းပြ ရူဘင် အမော်ရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်လိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရပြီလို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်က ဒီရာသီမှာ ရလဒ်ပိုင်းတွေ ဆိုးရွှားမှုကြောင့် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းကို ယာယီနည်းပြ ခန့်အပ်ခဲ့သလို စပို့တင်း လစ္စဘွန်းအသင်းမှာ တောက်ပနေတဲ့ အသက် (၃၉)နှစ်အရွယ် နည်းပြအမော်ရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
Photo Credit : centredevils
အင်္ဂလန် ဘောလုံးလောကနဲ့ အတွေ့အကြုံ လုံးဝမရှိသလို နည်းပြသက်တမ်းလည်း နုနယ်သေးပေမယ့် စပို့တင်းအသင်းကို ဒေသတွင်းမှာ အောင်မြင်မှုပေါင်းများစွာ ရယူပေးထားနိုင်တဲ့ အမော်ရင်ဟာ အခုတော့ စိန်ခေါ်မှုတွေ စောင့်ကြည့်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ရတော့မယ့် ယူနိုက်တက် နည်းပြရာထူးကို လက်ခံသွားခဲ့ပါတယ်။
အမော်ရင်နဲ့ ပတ်သက်ပြီး ဒီနည်းပြက စပို့တင်းမှာ အောင်မြင်ခဲ့သလောက် ယူနိုက်တက်မှာရော အောင်မြင်မှုတွေ ရယူနိုင်ပါ့မလားဆိုတဲ့ သံသယတွေ ရှိနေကြပေမယ့် စပို့တင်းကစားသမားဟောင်း ကွန်ထရာအိုကတော့ အမော်ရင်ကို ရလိုက်တဲ့ ယူနိုက်တက်က ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးကို ရလိုက်တာပဲလို့ ဆိုလိုက်ပါတယ်။
Photo Credit : Jornal de Noticias
“စပို့တင်း လစ္စဘွန်းအသင်းက အရမ်းအရေးကြီးတဲ့ အနေအထားကို ဆုံးရှုံးလိုက်ရပေမယ့် ရူဘင်အတွက်ကိုတော့ ကျွန်တော် တကယ် ပီတိဖြစ်ရပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အခုအချိန်ကစပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြကို ရရှိပိုင်ဆိုင်လိုက်ရပါပြီ။” လို့ ကွန်ထရာအိုက သုံးသပ် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက် နည်းပြသစ် အမော်ရင်က ဒီရက်ပိုင်းမှာပဲ ယူနိုက်တက် တာဝန်ရှိသူများ ကစားသမားတွေနဲ့ တွေ့ဆုံလျက် ရှိနေပြီး လာမယ့် နိုဝင်ဘာ (၂၄)ရက်နေ့ အစ်ဝစ်ချ်တောင်းအသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှသာ ယူနိုက်တက်နည်းပြအဖြစ် ပထမဆုံးအကြိမ် စတင် ကိုင်တွယ်သွားရမှာပဲ ဖြစ်ပါတယ်။