မနေ့ညက ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားသွားခဲ့တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ ချယ်ဆီး တောင်ပံကစားသမား ပတ်ဒရို နက်တို ချေပဂိုး ခွင့်ပြုလိုက်ရတာနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက သူ့ကစားသမားတွေအပေါ် ပြစ်တင်လိုက်ပါတယ်။
ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ပွဲမှာ အာဆင်နယ်က မာတင်နယ်လီရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း (၁၀)မိနစ်ခန့်လောက် အကြာမှာပဲ နက်တိုက သူရဲ့ ချယ်လ်ဆီးကစားသမားဘဝ ပထမဦးဆုံး ပရီးမီးယားလိဂ်သွင်းဂိုးအဖြစ် ပြန်လည် ချေပခဲ့ရင်း လန်ဒန်ဒါဘီက တစ်ဖက်တစ်ဂိုးစီ သရေပွဲအဖြစ် အဆုံးသတ်သွားခဲ့ပါတယ်။
Photo Credit : Metro
ပွဲရလဒ်က မျှတခဲ့ပေမယ့် အာဆင်နယ်ကတော့ ပွဲပြီးခါနီးလောက်မှာ အခွင့်အရေးတွေ ရခဲ့ပြီး ဒါကိုတော့ အသုံးချနိုင်ခဲ့ခြင်း မရှိတာကြောင့် သရေပွဲအဖြစ်သာ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်နည်းပြ အာတီတာကတော့ ဒီပွဲမှာ (၃)မှတ်အပြည့် မရနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်လို့နေပြီး ခွင့်ပြုလိုက်ရတဲ့ ချေပဂိုးမှာလည်း အသင်းသားတွေရဲ့ လိုအပ်ချက် ရှိခဲ့တယ်လို့ ပြောဆိုလာပါတယ်။
“ကျွန်တော်တို့က ပြိုင်ဘက်အသင်းကို လွှမ်းမိုးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပွဲရဲ့ အခြေအနေတွေတိုင်းမှာ ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းတစ်သင်းလည်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကနေ ခွင့်ပြုလိုက်ရတဲ့ ချေပဂိုးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒါက ဆိုးရွှားလွန်းပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်အတန်းနဲ့ လက်ခံနိုင်စရာ မရှိပါဘူး။”
Photo Credit : Football365
“အသင်းသားတွေအတွက် တကယ် ဂုဏ်ယူမိပေမယ့် ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော် အနိုင် (၃)မှတ်ကို မရယူနိုင်ခဲ့ပါဘူး။ နောက်ပြီး ဒုတိယပိုင်းမှာ set-piece ကို ကျွန်တော်တို့က ပရမ်းပတာ စီစဉ်မိခဲ့တယ်။ ဒါကို ကျွန်တော်တို့ဘက်က အလျင်အမြန် ပြန်မစီစဉ်နိုင်သလို ခွင့်မပြုသင့်တဲ့ ဘောလုံးပေးပို့မှုကိုလည်း ခွင့်ပြုလိုက်ရတယ်။”
“ကျွန်တော်ရဲ့ အကြီးမားဆုံး အကြောက်တရားကတော့ ကစားသမားတွေကို မိနစ်(၉၀)အတွင်း အကောင်းဆုံး စွမ်းဆောင်ပြနိုင်မယ့် ရုပ်ပိုင်းဆိုင်ရာမျိုး ရနေဖို့ပါပဲ။ ဒါကိုသာ ရနေမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် ဘောလုံးရာသီကောင်း တစ်ခု ရနေလိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။” လို့ အာတီတာက ရှင်းလင်း ပြောဆိုသွားပါတယ်။