မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို စတင် တာဝန်ယူ ကိုင်တွယ်သွားတော့မယ့် စပို့တင်း လစ္စဘွန်းအသင်းနည်းပြ ရူဘင် အမော်ရင်က ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှု အသစ်သစ်တွေကို ရင်ဆိုင်သွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ကြုံးဝါး ပြောကြားသွားလိုက်ပါတယ်။
အသက် (၃၉)နှစ်သာ ရှိနေသေးတဲ့ ပေါ်တူဂီလူမျိုး ဘောလုံးနည်းပြ အမော်ရင်ဟာ စပို့တင်း လစ္စဘွန်းကို ၂၀၂၀ခုနှစ်ကနေ စတင် ကိုင်တွယ်ပြီးနောက် (၄)နှစ်တာ ကာလအတွင်း အသင်းအတွက် ပေါ်တူဂီ အမှတ်ပေးဖလား (၂)ကြိမ် ပေါ်တူဂီ ရှုံးထွက်ဖလား (၂)ကြိမ်နဲ့ ပေါ်တူဂီ စူပါဖလား (၁)ကြိမ် ဆွတ်ခူးစေနိုင်ခဲ့ပါတယ်။
Photo Credit : Sky Sports
ဒါ့အပြင် အမော်ရင်က ဒီရာသီထဲမှာလည်း စပို့တင်းအသင်းကို ပေါ်တူဂီ အမှတ်ပေးပြိုင်ပွဲအတွင်း ရာနှုန်းပြည့် နိုင်ပွဲတွေ ဖော်ဆောင်ထားခဲ့သလို မနေ့ကဆိုရင်လည်း မန်စီးတီးလို အသင်းကြီးမျိုးကိုတောင် (၄)ဂိုး (၁)ဂိုးဆိုတဲ့ အံ့အားသင့်စရာ ရလဒ်မျိုးနဲ့ပါ အပြတ်အသတ် အနိုင်ယူထားခဲ့ပါသေးတယ်။
ဒီလို လက်ဖျားခါလောက်စရာ စွမ်းဆောင်မှုတွေ ပြသနေတဲ့ လူငယ်နည်းပြ အမော်ရင်ဟာ ရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်အသင်းရဲ့ ထိုင်ခုံပူပေါ် စတင် ထိုင်ရတော့မှာ ဖြစ်ပေမယ့် အမော်ရင် ကိုယ်တိုင်ကတော့ သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
Photo Credit : Reuters
“အခုပွဲရလဒ်အကြောင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ကံကောင်းခဲ့တယ်လို့ ပြောရပါမယ်။ ကျွန်တော် ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ရောက်သွားတဲ့အခါ မတူကွဲပြားတဲ့ ကမ္ဘာတစ်ခု မတူကွဲပြားတဲ့ ဖိအားဒဏ်တွေနဲ့ ကြုံတွေ့သွားရမှာပါ။ ဒါက ပျော်စရာကောင်းမှာ အရမ်းကိုပဲ ပျော်စရာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ကျွန်တော် ဒီစိန်ခေါ်မှုအတွက် အဆင်သင့် ဖြစ်နေပါပြီ။” လို့ အမော်ရင်က ပြောဆိုသွားခဲ့ပါတယ်။
အမော်ရင်ဟာ မန်ယူနိုက်တက်အသင်းကို လာမယ့် နိုဝင်ဘာ (၁၁)ရက်နေ့မှာပဲ စတင် ကိုင်တွယ်သွားမှာ ဖြစ်ပေမယ့် ကြားမှာ နိုင်ငံတကာ ရက်သတ္တပတ်လည်း ရှိနေသေးတာကြောင့် နိုဝင်ဘာ (၂၄)ရက်နေ့ အစ်ဝစ်ချ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှသာ အသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူသွားရဖို့ ရှိနေပါတယ်။