မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက ဘိုလော့ဂ်နာအသင်းအသင်းကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ခ်ဇီးကို အသင်းထံ ခေါ်ဆောင်လိုခြင်း မရှိခဲ့ဘူးလို့ The Sun သတင်းစာက ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က တန်ဟက်ဂ်ကို အသင်းကနေ မထုတ်ပယ်ခင် နွေဈေးကွက်မှာပဲ တန်ဟက်ဂ် လိုချင်နေတဲ့ ဒီလစ် မာဇာရာဝီတို့အပြင် အူဂါတေး ယိုရိုနဲ့ ဇက်ခ်ဇီးတို့ကိုပါ အရ ခေါ်ယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေထဲကမှ ဇက်ခ်ဇီးဟာ တန်ဟက်ဂ် အလိုမရှိခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်နေခဲ့တယ်လို့ အံ့အားသင့်ဖွယ် သိရှိရပါတယ်။

Photo Credit : Znews

အေဂျက်စ် ကစားသမားဟောင်းတွေနဲ့ နယ်သာလန် ကစားသမားတွေကို ဦးစားပေး ခေါ်ယူလေ့ရှိတဲ့ တန်ဟက်ဂ်ဟာ သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဇက်ခ်ဇီးကိုတော့ ယူနိုက်တက်ဆီ မခေါ်ယူချင်ခဲ့သလို အသင်းထံ ဇက်ခ်ဇီး ရောက်လာချိန်မှာလည်း ကိုယ်အလေးချိန် များပြားနေခြင်းအပေါ် တန်ဟက်ဂ်က စိတ်ပျက်ခဲ့ရပါသေးတယ်။

ဘိုင်ယန် ကစားသမားဟောင်း ဇက်ခ်ဇီးဟာ အခုဆိုရင် ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲအထိ ကစားပေးထားခဲ့ပေမယ့် ပွဲဦးထွက် ဖူလ်ဟမ်နဲ့ပွဲမှာသာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ရင်း ကျန်တဲ့ (၁၄)ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေရသလို ကစားပုံကလည်း အသင်းအတွက် ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိဘဲ ဖြစ်နေပါတယ်။

Photo Credit : Football Transfer

ယူနိုက်တက် တိုက်စစ်ပိုင်းမှာ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းနဲ့ နယ်သာလန် တိုက်စစ်မှူး ဇက်ခ်ဇီးတို့ ပွဲထွက်ခွင့်အတွက် အပြိုင်အဆိုင် ဖြစ်လာလိမ့်မယ်လို့ တွက်ဆခဲ့ကြပေမယ့် ဟွိုင်လန်းကသာ အသင်းအတွက် အဆင်ပြေနေပေမယ့် ဇက်ခ်ဇီးကတော့ ရုန်းကန်နေရသလို အသင်းကနေပါ အငှားချသွားဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ နစ္စတဲလ်ရွိုင်းကတော့ ဇက်ခ်ဇီးအပေါ် ယုံကြည်မှု ပေးထားဆဲ ဖြစ်သလို မကြာခင်မှာ အသင်းကို ရောက်ရှိလာတော့မယ့် နည်းပြသစ် အမော်ရင် လက်ထက်မှာလည်း ဇက်ခ်ဇီးကို ဘယ်လိုပုံစံမျိုးနဲ့ အသုံးပြုသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။