မနေ့ညက ဘုန်းမောက်အသင်းရဲ့ ဗိုက်တယ်လက်တီကွင်းမှာ ဘုန်းမောက်နဲ့ မန်စီးတီးအသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့ရာ ဘုန်းမောက်ဘက်က ဆီမန်ယို အီဗာနယ်လ်ဆင်တို့ရဲ့ ဂိုးတွေနဲ့အတူ မန်စီးတီးကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
မန်စီးတီးက ဒီပွဲစဉ်မတိုင်ခင် ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်းသောအသင်း ဖြစ်နေပေမယ့် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေရသလို ပွဲပန်းမှုလည်း ရင်ဆိုင်နေရတာကြောင့် ဘုန်းမောက်ကို ခက်ခက်ခဲခဲ ကစားသွားခဲ့ရပြီး ဒီရာသီရဲ့ ပထမဆုံး လိဂ်ရှုံးပွဲပါ ကြုံတွေ့သွားခဲ့ရပါတယ်။
Photo Credit : ESPN
ဒီပွဲမတိုင်ခင်မှာလည်း မန်စီးတီးက စပါးအသင်းနဲ့ ခါရာဘောင် လိဂ်ဖလားပြိုင်ပွဲကို ဆင်နွဲရင်း (၂)ဂိုး (၁)ဂိုးနဲ့ပဲ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဆုဖလားတစ်လုံးကို လက်လွတ်လိုက်ရသလို အခုလည်း ပရီးမီးယားလိဂ်မှာပါ တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးသေးတဲ့ ဘုန်းမောက်အသင်းကို အရှုံးပေးခဲ့ရင်း ဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ (၂)မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။
ဘုန်းမောက်ကတော့ နောက်ဆုံး (၃)ပွဲမှာ အာဆင်နယ် ဗီလာ မန်စီးတီးတို့လို ထိပ်တန်းအသင်းတွေနဲ့ ဆက်တိုက် ဆုံတွေ့ခဲ့ရပေမယ့် အာဆင်နယ် မန်စီးတီးတို့ကို အိမ်ကွင်းပွဲတွေမှာ အနိုင်ယူထားခဲ့သလို ဗီလာကိုလည်း ဗီလာပါ့ခ်မှာ သရေရလဒ် ရရှိအောင် ကစားခဲ့ရင်း (၃)ပွဲလုံး ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။
Photo Credit : The Independent
ဘုန်းမောက်လို in form ဖြစ်နေတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲအပြီးမှာ စီးတီးနည်းပြ ဂွါဒီယိုလာက “ဘုန်းမောက်ကစားသမားတွေရဲ့ ပြင်းထန်မှုကို ကျွန်တော်တို့ အသင်းသားတွေက မယှဉ်နိုင်ခဲ့ဘူး။ long balls တွေနဲ့ ကစားလာတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့က အဲ့ဒါကို မကိုင်တွယ်နိုင်ဘဲ ဒီလို ဖြစ်နေချိန်မှာ ဆီမန်ယိုနဲ့ တခြား တိုက်စစ်မှူးတွေဆီ ဘောလုံးက ရောက်သွားတယ်။”
“ဒါကိုလည်း ကျွန်တော်တို့ဘက်က ခံစစ်ကို ပိုပြီး လေးလေးနက်နက် ကစားခဲ့ရမှာ။ ကျွန်တော်တို့က build up ကစားဖို့ ရုန်းကန်ခဲ့ရသလို စည်းချက်တကျလည်း မကစားနိုင်ပါဘူး။ သူတို့ကစားပုံက ကျွန်တော်တို့ထက် မြင့်နေတဲ့အချိန်မှာ ကျွန်တော်တို့ ဒါကို သေချာ မကိုင်တွယ်နိုင်လိုက်ဘူး။ အရင်တုန်းကတော့ ဒီလို အခြေအနေကို ကိုင်တွယ်နိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ မလုပ်နိုင်ခဲ့ဘူး။ တစ်ခါတစ်ရံမှာ ကိုယ့်ပြိုင်ဘက်တွေက ကိုယ့်ထက် ပိုကောင်းနေတဲ့အခါမှာ ဒါကို လက်ခံသွားရမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။