မနက်ဖြန်မှာပဲ ချီးမြှင့်သွားတော့မယ့် ၂၀၂၄ ဘာလွန်းဒေါဆုအတွက် အထိုက်တန်ဆုံး ကစားသမားဟာ သူရဲ့ မန်ချက်စတာ စီးတီးအသင်းဖော် စပိန် ကွင်းလယ်ကစားသမား ရိုဒရီသာ ဖြစ်သင့်တယ်လို့ မန်စီးတီး နောက်ခံကစားသမား ရူဘင် ဒီးယက်စ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

၂၀၂၄ ဘာလွန်းဒေါဆု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ရီးယဲလ် မက်ဒရစ် ကစားသမားတွေဖြစ်တဲ့ ဗင်နီစီယပ်စ်နဲ့ ဘယ်လင်ဂမ် မန်စီးတီး ကွင်းလယ်ကစားသမား ရိုဒရီတို့က အပြိုင်ရေပန်းစားနေကြတာဖြစ်ပြီး ဒီကစားသမား (၃)ဦးထဲမှာဆိုရင်လည်း ဘရာဇီးလ်ကြယ်ပွင့် ဗင်နီစီယပ်စ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Photo Credit : Goal

လက်ရှိမှာဆိုရင်လည်း ရိုဒရီက ACL ဒဏ်ရာဆိုးကြီးပါ ရရှိခံစားနေရပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းကတော့ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားအပြင် စပိန်အသင်းနဲ့အတူ ၂၀၂၄ ယူရိုပါဖလားကြီးကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီး ဒါဟာ ရီးယဲလ်နဲ့သာ ဖလားတွေရယူထားနိုင်တဲ့ ဗင်နီစီယပ်စ် ဘယ်လင်ဂမ်တို့ထက် ပိုသာလွန်နေပါတယ်။

ဒါပေမယ့် တိုက်စစ်ပိုင်း ကွင်းလယ်တိုက်စစ်ပိုင်း ကစားသမားတွေထက် ရိုဒရီလို holding midfielder တစ်ဦးအနေနဲ့ ဒီကစားသမားကို ကျော်လွန်ပြီး ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့ဆိုတာက အလွန်ခက်ခဲနိုင်ပြီး လတ်တလော ရေပန်းစားနေတဲ့အတိုင်း ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သာ ၂၀၂၄ ဘာလွန်းဒေါဆုရှင် ဖြစ်လာနိုင်ဖို့ အခြေအနေ အများဆုံး ဖြစ်နေပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် မန်စီးတီး ခံစစ်မှူး ဒီးယက်စ်ကတော့ အသင်းဖော် ရီုဒရီနဲ့ ပတ်သက်ပြီး “ရိုဒရီကသာ ဘာလွန်းဒေါဆုကို ဆွတ်ခူးသင့်ပါတယ်။ သူက အထင်ကြီးလောက်စရာကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ရတာပါ။ ဖလားကိုမှ တစ်ခုတည်း ရခဲ့တာ မဟုတ်ပါဘူး။ တစ်ရာသီအတွင်းမှာပဲ ဖလားအများကြီး ရခဲ့တာပါ။”

“သူက ယူရိုဖလားကိုလည်း ဆွတ်ခူးခဲ့သေးတာ။ ဒါမျိုးက ဘောလုံးမျိုးဆက်တိုင်းမှာ မြင်တွေ့ရတာမျိုး မဟုတ်တဲ့ အောင်မြင်မှုမျိုးပါ။ နောက်ပြီးတော့ သူဟာ အထူးစပယ်ရှယ် ကစားသမားတစ်ဦး ဖြစ်တယ်ဆိုတာကိုလည်း လုံးဝ သံသယ မရှိပါဘူး။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရိုဒရီက သူရဲ့ ACL ဒဏ်ရာဆိုးကြောင့် အခု ဘောလုံးရာသီ တစ်လျှောက်လုံး မန်စီးတီးနဲ့ စပိန်ပွဲစဉ်တွေကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။