အင်တာ မိုင်ယာမီအသင်းရဲ့ အာဂျင်တီးနား စူပါစတား ထိပ်တန်း ကစားသမားကြီး လီယွန်နယ် မက်ဆီက ပရော်ဖက်ရှင်နယ် ကစားသမားဘဝအတွင်း (၄၇)လုံးမြောက် ဆုဖလား ဖြစ်လာမယ့် MLS Cup ဆုဖလားအတွက် တိုက်ပွဲဝင်သွားဖို့ အဆင်သင့် ဖြစ်နေပြီလို့ ကြွေးကြော် ပြောဆိုလိုုက်ပါတယ်။

ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ မက်ဆီဟာ ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့ပြီး မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် သူရဲ့ မိုင်ယာမီ ကစားသမားဘဝ ပထမဆုံး ပွဲဦးထွက် ရာသီမှာပဲ မိုင်ယာမီ သမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားဖြစ်တဲ့ Leagues Cup ကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : ESPN

ဒါ့အပြင် ဒီရာသီမှာဆိုရင်လည်း မက်ဆီက ဆွာရက်ဇ် ဘူးစကွက်စ် အယ်လ်ဘာတို့လို အသင်းဖော်ဟောင်းတွေနဲ့အတူ မိုင်ယာမီအတွက် ၂၀၂၄ ရာသီ Supporters’ Shield အမှတ်ပေးဖယားကိုပါ ဆွတ်ခူးပေးနိုင်ခဲ့ပါသေးတယ်။ ဆက်လက်ပြီးတော့လည်း မက်ဆီရဲ့ မိုင်ယာမီအသင်းက MLS Cup ပြိုင်ပွဲကို ဆင်နွဲသွားရဦးမှာ ဖြစ်ပါတယ်။

မိုင်ယာမီအသင်းဟာ MLS Cup ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ မေဂျာလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းဖြစ်တဲ့ အက်လန်တာအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အခုရာသီထဲ အက်လန်တာနဲ့ အမှတ်ပေးပွဲစဉ်တွေအတွင်း တွေ့ဆုံထားမှုမှာတော့ (၂)ပွဲလုံး ရလဒ်မကောင်းထားဘဲ ဖြစ်နေရပါတယ်။

Photo Credit : CNN

ဒါကြောင့် အခုတစ်ကြိမ် တွေ့ဆုံမှုက မက်ဆီနဲ့ မိုင်ယာမီအသင်းတို့အတွက် မဖြစ်မနေ နိုင်ပွဲရယူသွားဖို့ အရေးကြီးနေပြီး အိမ်ကွင်းမှာ လက်ခံကစားရမယ့် ပထမအကျော့ပွဲစဉ်မှာပဲ ရလဒ်ကောင်းထားဖို့ လိုအပ်လာခဲ့ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး မက်ဆီက “ကျွန်တော်တို့တွေ ဒီနှစ်အတွင်း ကြိုးစားခဲ့သလိုမျိုး ဒီပြိုင်ပွဲမှာလည်း ဆက်ပြီး ကြိုးစားသွားမှာပါ။”

“လာမယ့် ပလေးအော့ပွဲစဉ်တွေကို ကျော်ဖြတ်ပြီး အောင်မြင်မှု ထပ်မံ ရရှိဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီး ဒီအခိုက်အတန့်အတွက် အရမ်းလည်း စိတ်လှုပ်ရှားနေတယ်လို့ ထင်ပါတယ်။ ဒီဆုဖလားကြီး ရယူနိုင်ဖို့အတွက် တိုက်ပွဲဝင်သွားဖို့လည်း ကျွန်တော်တို့အားလုံးက အဆင်သင့် ဖြစ်နေပါပြီ။” လို့ ပြောဆိုလာခဲ့ပါတယ်။