ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ ဗင်းဆင့် ကွန်ပနီက သူတို့အသင်းအနေနဲ့ ဘာစီလိုနာလို ဥရောပ ထိပ်တန်းအသင်းတစ်သင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရှုံးပေးခဲ့ရတာက သူ့အတွက် အံ့အားသင့်စရာ မရှိဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မနေ့ညက ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ ချန်ပီယံလိဂ် league phase ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာ ဘာစီလိုနာက အသင်းခေါင်းဆောင် ရာဖင်ဟာရဲ့ ဟက်ထရစ် ဘိုင်ယန်ကစားသမားဟောင်းကြီး လီဝန်ဒေါစကီးရဲ့ သွင်းဂိုးတို့နဲ့ ဘိုင်ယန်မြူးနစ်ကို (4-1) ဆိုတဲ့ ရလဒ်နဲ့ပါ အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

ဘာစီလိုနာအသင်းဟာ ၂၀၁၅ခုနှစ် နောက်ပိုင်းကတည်းက ဘိုင်ယန်နဲ့ ရင်ဆိုင်ရတိုင်းမှာ အမြဲတမ်းလိုလို ရလဒ်တွေ ဆိုးရွှားနေခဲ့ရပြီး ဂိုးပြတ်ရလဒ်တွေနဲ့သာ ရှုံးနိမ့်ခဲ့ရပါတယ်။ အခုကတော့ ဘာစီလိုနာအနေနဲ့ အဲ့ဒီရှုံးကြွေးတွေကို အသေအချာ ပြန်ဆပ်နိုင်လိုက်တာဖြစ်ပြီး အယ်လ်ဂလက်စီကိုပွဲ မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၂)ပွဲအတွင်းမှာလည်း တိုက်စစ်က (၉)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

ဘိုင်ယန်ကတော့ ချန်ပီယံလိဂ်မှာ ဒိုင်နမိုဇာဂရက်နဲ့ ကစားခဲ့ရတဲ့ အဖွင့်ပွဲကိုသာ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဗီလာနဲ့ ဘာစီလိုနာတို့ကိုတော့ ဆက်တိုက် အရှုံးပေးထားခဲ့ရပါတယ်။ ဒီလို အခြေအနေမှာ ဘိုင်ယန်အနေနဲ့ လာမယ့် ချန်ပီယံလိဂ် league phase ပွဲစဉ်တွေထဲ ရလဒ်ကောင်းတွေ ပြန်လည် ရယူသွားဖို့ မဖြစ်မနေ လိုအပ်လာခဲ့ရပါတယ်။

 

Photo Credit : Reuters

ဘာစီလိုနာနဲ့ ပွဲအပြီးမှာ ဘိုင်ယန်နည်းပြ ကွန်ပနီက “ဘာစီလိုနာအသင်းကို ဂုဏ်ပြုစကား ဆိုချင်ပါတယ်။ သူတို့တွေက ဥရောပရဲ့ ထိပ်တန်းအသင်းတစ်သင်း ဖြစ်နေတာဆိုတော့ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာ မရှိပါဘူး။ ကစားရမယ့် ပွဲတွေကလည်း ကျန်နေသေးတာမို့ ဒီပွဲတွေကို အနိုင်ရအောင် ကစားသွားချင်ပါတယ်။”

“ပြီးတော့ ကျွန်တော်တို့အသင်းရဲ့ အကောင်းဆုံးပုံစံကိုလည်း ပြသသွားချင်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ဒီရှုံးပွဲကနေ သင်ယူရလိုက်တာက ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံး အဆင့်အတန်းတစ်ခုကို ပြသသွားနိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံးအဆင့်မျိုးနဲ့ ပြန်လာနိုင်ဖို့ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။