မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်က သူရော ယူနိုက်တက် နည်းပြဟောင်းလည်းဖြစ် လက်ရှိ ဖီနာဘာချီအသင်းကို ကိုင်တွယ်နေတဲ့ ဂျိုဆေး မော်ရင်ဟိုရောပါ ဒီနှစ် ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းနဲ့ မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းတို့ဟာ ဒီနေ့ညမှာပဲ ယူရိုပါလိဂ် league phase ပွဲစဉ်အဖြစ် ထိပ်တိုက် ရင်ဆိုင်သွားရတော့မှာဖြစ်ပြီး ယခင်ကလည်း ဒီနည်းပြနှစ်ဦးဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာပါ ဆုံတွေ့ခဲ့ဖူးကြပါတယ်။ အဲ့ဒီတုန်းကတော့ မော်ရင်ဟိုက မန်ယူနိုက်တက်ကို ကိုင်တွယ်နေတာဖြစ်ပြီး တန်ဟက်ဂ်ကတော့ အေဂျက်စ်နည်းပြ ဖြစ်နေပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာ တန်ဟက်ဂ်က ယူနိုက်တက်နည်းပြဘဝ တတိယမြောက်ရာသီမှာ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး နည်းပြရာထူးကနေပါ အချိန်မရွေး ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေအထိ ရောက်ရှိနေသလို မော်ရင်ဟိုကလည်း သူ့အသင်းကို ချန်ပီယံလိဂ်ဆီ မပို့ဆောင်နိုင်ခဲ့ဘဲ တူရကီလိဂ်မှာလည်း အဆင့်(၄)ထိ ရောက်ရှိနေရပါတယ်။

အခုတော့ ဒီနည်းပြ(၂)ဦးက ယူရိုပါလိဂ်မှာ ထိပ်တိုက် ပြန်လည် တွေ့ဆုံကြရတော့မှာ ဖြစ်သလို နည်းပြမော်ရင်ဟိုနဲ့ ပတ်သက်ပြီးတော့ တန်ဟက်ဂ်က “မော်ရင်ဟိုနဲ့ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်တွေမှာ ဆုဖလားတွေ အမြောက်အများ ရယူနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က နှစ်တိုင်းလိုလို သက်သေပြနိုင်ဖို့လည်း လိုအပ်ပါတယ်။”

Photo Credit : TEAMtalk

“ကျွန်တော်တို့သာ ဆုဖလားတွေ မရခဲ့ဘူးဆိုရင် အမြဲတမ်းလိုလို ဝေဖန်ခံနေရမှာပါ။ ကျွန်တော်တို့မှာ အတွေ့အကြုံတွေ အလုံအလောက် ရှိနေတယ် ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးဆိုတာက နိုင်ပွဲတွေ အကြောင်းပါပဲ။ အနိုင်မရခဲ့ဘူးဆိုရင်တော့ ဝေဖန်မှုတွေက ရောက်လာမှာပဲ။”

“ဒါပေမယ့် အဆုံးသတ်ကို ရောက်လာခဲ့ပြီဆိုရင် ရာသီကုန်ချိန်မှာ ခင်ဗျားက ခင်ဗျားအသင်းကို ဘယ်နေရာထိ ရောက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့သလဲဆိုတာ အရေးကြီးပါတယ်။ မော်ရင်ဟိုက အတွေ့အကြုံများစွာ ရှိတဲ့သူပါ။ သူ့အသင်းကိုလည်း အကောင်းဆုံးပုံစံနဲ့ သူဦးဆောင်သွားပါလိမ့်မယ်။ သူရော ကျွန်တော်တို့ပါ အောင်မြင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့တွေပ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်ဆိုတာ ယုံကြည်ပါတယ်။” ပြောဆိုသွားခဲ့ပါတယ်။