ဂျုဗင်တပ်စ်အသင်းရဲ့ ဒါရိုက်တာဖြစ်သူ ခရစ္စတီယာနို ဂျီယွန်တိုလီက သူတို့အသင်းဟာ ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကနေ လျော့ပေါ့ခဲ့ရပြီး မကြာခင် ဘောလုံးပြန်ကစားနိုင်တော့မယ့် အသင်းရဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာနဲ့ လက်တွဲဖြုတ်တော့မယ့် အကြောင်းကို အတည်ပြု ပြောဆိုလာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တားမြစ်ထားတဲ့ ဟော်မုန်းဆေး သုံးစွဲခဲ့မှုကြောင့် သူ့ကို ဘောလုံးလောကနဲ့ ပတ်သက်ခွင့် (၄)နှစ်အထိတောင် ပွဲပယ်ခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဘာက သူရဲ့ ပွဲပယ်ပြစ်ဒဏ်အတွက် အားကစားခုရုံး CAS ကို အယူခံဝင်ခဲ့ရာ အယူခံ အောင်မြင်ခဲ့လို့ (၄)နှစ်ကနေ (၁၈)လအထိ ပွဲပယ်ပြစ်ဒဏ်ကို လျော့ပေါ့ခံလိုက်ရပါတယ်။

Photo Credit : Football365

ဒီလို ပြစ်ဒဏ်လျော့ပေါ့ခံလိုက်ရတဲ့ ပေါ့ဘာဟာ လာမယ့် ဇန်နဝါရီမှာပဲ သူရဲ့ လက်ရှိကလပ် ဂျုဗင်တပ်စ်နဲ့ လေ့ကျင့်ခန်းတွေ စတင် လုပ်ဆောင်နိုင်တော့မှာ ဖြစ်သလို မတ်လမှာတော့ အသင်းနဲ့အတူ ဘောလုံးပြန်ကစားနိုင်ပါတော့မယ်။ ဒါပေမယ့် ပေါ့ဘာနဲ့ ဂျုဗင်တပ်စ်တို့က ဆက်လက် လက်တွဲဖြစ်မဖြစ်ဆိုတာ အခုထိ မရေရာသေးဘဲ ဖြစ်နေပါတယ်။

ဂျုဗင်တပ်စ်အနေနဲ့ ပေါ့ဘာကို အသင်းဆီ ဒုတိယအကြိမ်အဖြစ် အလွတ်နဲ့ပဲ ခေါ်ယူထားနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ် ခေါ်ယူပြီးနောက် ပေါ့ဘာက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့အပြင် အခုလို တားမြစ်ဆေး ပြဿနာတွေအထိပါ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းဘက်က သူ့ကို စာချုပ်ဖျက်သိမ်းသွားဖို့ ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : ABC

ပေါ့ဘာရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဂျုဗင်တပ်စ်အသင်းရဲ့ ဒါရိုက်တာ ဂျီယွန်တိုလီက “ပေါ့ဘာက ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့မှာ မတူညီတဲ့ အစီအစဉ်တွေ ရှိနေပါပြီ။ ကျွန်တော်တို့အသင်းက မတူညီတဲ့ ကစားသမားများအတွက် ရင်းနှီးမြှပ်နှံထားတာဖြစ်ပြီး အခုဆို အသင်းကလည်း ပြီးပြည့်စုံနေပါပြီ။” လို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

တကယ်လို့ ဂျုဗင်တပ်စ်နဲ့ ပေါ့ဘာတို့ဟာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့မယ်ဆိုရင် ပေါ့ဘာက ကလပ်အသင်းလက်မဲ့ free agent player ဖြစ်လာတော့မှာဖြစ်ပြီး လတ်တလောမှာတော့ ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။