တော့တင်ဟမ် ဟော့စပါးအသင်းကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလွဲပြီး ကျန်တဲ့ ပွဲစဉ်တွေမှာ အသင်းက အသင်းရဲ့ ကာရိုက်တာတွေ တိုက်ပွဲဝင်စိတ်တွေကို ပြသနိုင်ခဲ့တယ်လို့ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၁)ပွဲအထိ ကစားလို့အပြီး ဖူလ်ဟမ် ဆောက်သမ်တန် ဘန်စလေနဲ့ ဘရန့်ဖို့ဒ်တို့ကိုသာ အနိုင်ရထားခဲ့ပြီး လီဗာပူးလ် ဘရိုက်တန်နဲ့ စပါးတို့ကို ရှုံးထားခဲ့သလို ခရစ္စတယ်ပဲလေ့စ် တွမ်တီး ပေါ်တို ဗီလာတို့ကိုတော့ သရေကျထားခဲ့ပါတယ်။

Photo Credit : Eurosport

ယူနိုက်တက်က ဒီအောက်တိုဘာလရဲ့ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင်မှာဆိုရင်လည်း ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက်အထိတောင် နိုင်ပွဲပျောက်ထားရသလို ပရီးမီးယားလိဂ် နောက်ဆုံး (၃)ပွဲဆက်တိုက်အထိ နိုင်ပွဲရော သွင်းဂိုးတွေပါ ပျောက်ဆုံးနေခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကနေ မနေ့ညက ဘရန့်ဖို့ဒ်နဲ့ပွဲမှာတော့ ယူနိုက်တက်က နိုင်ပွဲရော သွင်းဂိုးတွေပါ ပြန်လည် ရရှိနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ တန်ဟက်ဂ်က “ဖိအားတွေကတော့ အမြဲတမ်း ရှိနေတက်တယ်။ ကျွန်တော်တို့တွေ ပွဲတိုင်းကို အနိုင်ရဖို့လည်း လိုအပ်ပါတယ်။ တစ်ဂိုး အသွင်းခံထားရချိန်မှာ ကျွန်တော်တို့တွေ မမျှတမှု တချို့နဲ့လည်း ကြုံတွေ့ခဲ့ရပြီး ဒါကို တွန်းအားအဖြစ်နဲ့ ပြောင်းလဲပစ်လိုက်တယ်။ အဲ့ဒီကနေ ကျွန်တော်တို့ ဒေါသတွေ ပိုထွက်လာတယ်။ ဒါက ပြီးပြည့်စုံတဲ့ အခြေအနေ မဟုတ်ခဲ့ပေမယ့် ပွဲကိုတော့ ထိန်းချုပ်ကစားသွားနိုင်ခဲ့တယ်။”

Photo Credit : centredevils

“ဒီပွဲ အနိုင်ရလိုက်လို့ ကျွန်တော်တို့ ပျော်ရွှင်နေရပါတယ်။ ယူနိုက်တက်မှာက နိုင်ပွဲတွေ ရယူဖို့ လိုအပ်သလို ဖျော်ဖြေမှုပေးနိုင်ဖို့လည်း လိုပါတယ်။ ခွင့်ပြုပေးလိုက်ရတဲ့ ဂိုးကတော့ မမျှတဘူးလို့ ထင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ အတူတကွ စည်းလုံးမှုကို ပြသပြီး လှပတဲ့ ဂိုး(၂)ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ကြီးမားတဲ့ ရှုံးနိမ့်မှုကြီး တစ်ခုနဲ့ ရင်ဆိုင်ခဲ့ပြီးကတည်းက နိုင်ပွဲတွေ ပြန်လည် ရယူဖို့ စိတ်ပိုင်းဖြတ်ထားကြတာပါ။”

“အခုနိုင်ပွဲကတော့ တကယ့်ကို သဘောကျစရာကောင်းတဲ့ နိုင်ပွဲပါပဲ။ ကစားသမား (၁၀)ဦးတည်းနဲ့ ကစားခဲ့ရတဲ့ တော့တင်ဟမ်နဲ့ပွဲ တစ်ပွဲတည်းကသာ ကျွန်တော်တို့အတွက် ညံ့ဖျင်းခဲ့တဲ့ ပွဲပါ။ တခြားပွဲတွေ အားလုံးမှာတော့ ကျွန်တော်တို့က ကျွန်တော်တို့ တည်ဆောက်ထားတဲ့ အသင်းရဲ့ ကာရိုက်တွေ အသင်းရဲ့ တိုက်ပွဲစိတ်တွေကို ပြသနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။