မကြာခင်မှာပဲ ချီးမြှင့်သွားတော့မယ့် ၂၀၂၄ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘာလွန်းဒေါဆုပေးပွဲအတွက် အဓိကဆုကြီးဖြစ်တဲ့ ဘာလွန်းဒေါဆုအတွက် အာဂျင်တီးနားနဲ့ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်သာ အထိုက်တန်ဆုံးလို့ လက်ရွေးစင် အသင်းဖော် လီယွန်နယ် မက်ဆီက သတ်မှတ်ပြောဆိုလိုပါတယ်။

အောက်တိုဘာ (၂၈)ရက်နေ့ ပြင်သစ်နိုင်ငံမှာ ကျင်းပသွားမယ့် ဘာလွန်းဒေါဆုပေးပွဲမှာ ချီးမြှင့်မယ့် ဘာလွန်းဒေါဆုအတွက် ရီးယဲလ် မက်ဒရစ် ကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ကွင်းလယ်တိုက်စစ် ကစားသမား ဘယ်လင်ဟမ်တို့အပြင် မန်စီးတီး ကွင်းလယ်ကစားသမား ရိုဒရီတို့က ရေပန်းစားဆုံးအဖြစ် ရှိနေကြပါတယ်။

Photo Credit : First Sportz

ဒီကစားသမား (၃)ဦးထဲမှာ ရီးယဲလ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ဘာလွန်းဒေါဆုအတွက် လုံးဝ အသေအချာ ရေပန်းအစားဆုံး ဖြစ်နေပေမယ့် ဘောလုံးပရိသတ် တချို့ကတော့ ဗင်နီစီယပ်စ်ထက် ထိုက်တန်တဲ့ ကစားသမားတွေအဖြစ် ညာနောက်ခံလူ ကာဗာဟယ်လ်အပြင် တိုက်စစ်မှူး မာတီနက်ဇ်ကိုလည်း ထင်မြင်နေကြပါတယ်။

မာတီနက်ဇ်ဆိုရင်လည်း ပြီးခဲ့တဲ့ ရာသီက အင်တာမီလန်နဲ့ စီးရီးအေ ချန်ပီယံ ဖြစ်ထားခဲ့သလို အာဂျင်တီးနားနဲ့လည်း ကိုပါအမေရိက ဆုဖလားကိုလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုလို တစ်ဦးချင်း ဆုတွေကိုပါ ဆွတ်ခူးခဲ့ပါသေးတယ်။

Photo Credit : Clutch Points

အခုလို အသင်းလိုက်ဆုတွေရော ပြိုင်ပွဲအတွင်း တစ်ဦးချင်းဆုတွေပါ ပိုင်ဆိုင်ထားခဲ့တဲ့ မာတီနက်ဇ်နဲ့ ပတ်သသက်ပြီး ဘာလွန်းဒေါဆုနဲ့ ထိုက်တန်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေသလို ဘာလွန်းဒေါဆုကို (၈)ကြိမ်တိုင် ပိုင်ဆိုင်ထားဖူးတဲ့ မက်ဆီကလည်း သူရဲ့အသင်းဖော် မာတီနက်ဇ်ဟာ ဘာလွန်းဒေါဆုနဲ့ ထိုက်တန်တယ်လို့ ဆိုလိုက်ပါတယ်။

“သူ့မှာ အံ့မခန်း နှစ်တစ်နှစ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီးတော့ ကိုပါဖိုင်နယ်မှာလည်း ဂိုးသွင်းတယ်။ ကိုပါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူက တခြားကစားသမားတွေထက် ဘာလွန်းဒေါဆုနဲ့ ပိုပြီး ထိုက်တန်ပါတယ်။” လို့ မက်ဆီက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။