ရီးယဲလ် မက်ဒရစ်အသင်းရဲ့ အားအထားရဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဂျာမနီ ကွင်းလယ်လူ တိုနီ ကရူးစ်က ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး ပါဝင်ဆင်နွဲပြီးနောက် ဘောလုံးသမားဘဝကနေ အပြီးသတ် အနားယူခဲ့ရာ ဒါက ရီးယဲလ်အသင်းအတွက် ထိခိုက်မှုတွေ ရှိလာခဲ့ရပါတယ်။

ရီးယဲလ်မှာ ကရူးစ် မရှိတော့ပေမယ့် ဝါရင့် ကွင်းလယ်ကြီး လူကာ မိုဒရစ် အပါအဝင် ဗယ်လ်ဗာဒီ ၊ ချူအာမန်နီ ၊ ကာမာဗင်ဂါနဲ့ ဘယ်လင်ဟမ်တို့လို ကွင်းလယ်ကစားသမားကောင်းတွေ အမြောက်အများ ရှိနေသေးပြီး ဒါက ရုတ်တရက် ကြည့်လိုက်ရင် ကရူး မရှိတော့တဲ့ ရီးယဲလ်အတွက် ကွင်းလယ်လူ လုံလုံလောက်လောက် ရှိနေသေးတယ်လို့ ထင်ချင်စရာပါ။

Photo Credit : Goal

ဒီနွေမှာ ရီးယဲလ်က အသင်းတိုက်စစ်ပိုင်းအတွက် ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေကို ခေါ်ယူဖြည့်တင်းထားသလို ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူးလေး အန်းဒရစ်ခ်ကိုလည်း ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် ကရူးစ်နေရာအတွက်ကိုတော့ ကစားသမားသစ် ဖြည့်တင်းမှုတော့ မရှိခဲ့ပါဘူး။

ဒါ့အပြင် ရီးယဲလ်က ခံစစ်ပိုင်း လိုအပ်ချက်အတွက်ကိုလည်း ဖြည့်တင်းနိုင်ခြင်း မရှိခဲ့တဲ့အတွက် အခု ညာနောက်ခံလူ ကာဗာဟယ်လ် ACL ထိသွားချိန်မှာ ရီးယဲလ်တို့ အတော်လေး အခက်တွေ့နေရပြီး ဒီရာသီအတွင်းမှာ ကရူးစ် မရှိတော့တဲ့ ရီးယဲလ် ကွင်းလယ်ပိုင်းက အားနည်းချက်တွေ အတော်လေး ရှိလာခဲ့ရပါတယ်။

Photo Credit : OkDiario

ဒီအခြေအနေမှာ ရီးယဲလ်က လာမယ့် ၂၀၂၅နွေမှာ ကွင်းလယ်ပိုင်းအတွက် mega signing တစ်ခု လုပ်ဆောင်သွားဖို့ ရှိနေပြီး လတ်တလောမှာတော့ လေဗာကူဆင်ရဲ့ ဂျာမနီကြယ်ပွင့် ဖလော်ရီယန် ဝစ်ဇ်နဲ့ သတင်းထွက်နေပေမယ့် ရီယဲလ်က ပီအက်စ်ဂျီရဲ့ ကွင်းလယ်ကစားသမား ဗီတင်ညာကိုလည်း မျက်စိကျနေတယ်လို့ AS ကနေ ဖော်ပြလာပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ကစားသမား ဗီတင်ညာက ပီအက်စ်ဂျီအတွက်ရော ပေါ်တူဂီအသင်းတို့အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသက်လည်း (၂၄)နှစ်သာ ရှိနေသေးသလို ဘောလုံးအတွေ့အကြုံကောင်းတွေလည်း ကြွယ်ဝသူဖြစ်လို့ သူ့ကိုလည်း ရီးယဲလ်က option ထဲမှာ ထည့်သွင်းထားတာ ဖြစ်နိုင်ပါတယ်။