မနေ့ညက သြစတြီးယားအသင်းနဲ့ နော်ဝေအသင်းတို့ရဲ့ UEFA Nations League ပွဲစဉ်အတွင်း အိမ်ရှင် သြစတြီးယားက (၅)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့သလို အဲ့ဒီပွဲမှာ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းဟာလည်း ဆိုးရွှားတဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့မိလို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

အသက် (၂၄)နှစ်အရွယ် နော်ဝေ လက်ရွေးစင် မန်စီးတီး တိုက်စစ်မှူး ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးနဲ့ နော်ဝေအတွက် ဂိုးတွေ တောက်လျှောက် သွင်းယူပေးနေသလို မကြာသေးခင်ကလည်း နော်ဝေနဲ့ ဆလိုဗေးနီးယားတို့ ပွဲစဉ်မှာ သွင်းဂိုး (၂)ဂိုး သွင်းယူခဲ့ရင်း စုစုပေါင်း နိုင်ငံသွင်းဂိုး (၃၇)ဂိုးနဲ့ နော်ဝေရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Antena Sport

ဒီရာသီမှာ မန်စီးတီးအတွက် (၁၁)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့တဲ့ ဟာလန်းက သြစတြီးယားနဲ့ နော်ဝေတို့ ပွဲစဉ်မှာတော့ အသင်းက ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့အပြင် သူကိုယ်တိုင်ကလည်း အဲ့ဒီတစ်ပွဲလုံးမှာ ပျောက်ဆုံးနေခဲ့ရပါတယ်။

သြစတြီးယားနဲ့ နော်ဝေအသင်းတို့ ပွဲစဉ်မှာ နော်ဝေတိုက်စစ်မှူး ဟာလန်းက ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်လေးမှ မပြုလုပ်နိုင်ခဲ့သလို ဘောလုံးဆုံးရှုံးမှု အရေအတွက်ကလည်း (၈)ကြိမ်အထိတောင် ရှိခဲ့ရပါတယ်။ ပေးပို့မှု (၁၇)ကြိမ်မှာလည်း (၁၀)ကြိမ်သာ တိကျခဲ့ပြီး pass accuracy က (၅၉)%သာ ရှိနေခဲ့သလို တစ်ပွဲလုံး Key pass တစ်ကြိမ်ပဲ လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဟာလန်းက မန်စီးတီးနဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာလည်း အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်လ်ကို ဘောလုံးနဲ့ ပစ်ပေါက်ခဲ့ပေမယ့် အရေးယူခြင်း မခံခဲ့ရသလို ဟာလန်းကိုယ်တိုင်ကလည်း ဒီလို လုပ်ဆောင်မိခြင်းအပေါ် နောင်တရခြင်း မရှိဘူးလို့ တုံ့ပြန်ထားခဲ့ပါသေးတယ်။

အဲ့ဒီပွဲစဉ် နောက်ပိုင်းကတည်းက နယူးကာဆယ် ဖူလ်ဟမ်တို့နဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက်အထိ ဂိုးပေါက်ပျောက်နေခဲ့ရပြီး အခုလည်း နော်ဝေအတွက် ဂိုးသွင်းအများဆုံး ဖြစ်လာချိန်မှ နောက်ပွဲစဉ်မှာပဲ သူရဲ့စွမ်းဆောင်ရည်တွေက တော်တော်လေးကို ဆိုးရွှားနေခဲ့ရသလို အဲ့ဒီအတွက် ဟာလန်းက ဆိုရှယ်မီဒီယာပေါ်ကနေ ပြန်လည် တောင်းပန်ထားပါသေးတယ်။