မနေ့ညက အင်္ဂလန်အသင်းရဲ့ အိမ်ကွင်း ဝင်ဘလေကွင်းမှာ အိမ်ရှင် အင်္ဂလန်အသင်းနဲ့ ဂရိအသင်းတို့ UEFA Nations League ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ယူရို-၂၀၀၄ ချန်ပီယံဟောင်း ဂရိက ပါဘလီဒိ့စ်ရဲ့ သွင်းဂိုုးတွေနဲ့ အင်္ဂလန်ကို အနိုင်ရသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယာယီနည်းပြ လီ ကာစလေလက်ထက်မှာ အိုင်ယာလန် ဖင်လန်အသင်းတွေကို (၂)ဂိုးပြတ်တွေနဲ့ ဆက်တိုက် အနိုင်ရထားခဲ့ပြီး ရလဒ်တွေ ကောင်းမွန်နေခဲ့ရပေမယ့်လည်း အခု ဂရိကို အိမ်ကွင်းမှာ ဧည့်ခံကစားရတဲ့ ပွဲစဉ်တွေမှာ (1-2) ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးသွားခဲ့ရပါတယ်။

Photo Credit : Goal

အင်္ဂလန်က ကွင်းလယ်တိုက်စစ် ကစားသမား ဘယ်လင်ဟမ်ရဲ့ နောက်ကျချေပဂိုးနဲ့ သရေရလဒ် ထွက်ပေါ်အောင် ကစားနေရင်း နာကျင်အချိန်ပိုမှာ ဂိုးထပ်ပေးလိုက်ရလို့ ဂရိလို အင်အားနည်း အသင်းမျိုးကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဂရိအသင်းသားတွေကလည်း ဒီရက်ပိုင်းအတွင်းမှာပဲ ဆုံးပါးသွားတဲ့ သူတို့ရဲ့အသင်းဖော် ဇော့ ဘဲလ်ဒေါ့ခ်အတွက် ဝမ်းနည်းခြင်း အထိန်းအမှတ်အနေနဲ့ အားလုံးက အပြင်းအထန် ကြိုးပမ်းသွားခဲ့ကြပါတယ်။

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ဂျွန် စတုန်းစ်က “တစ်ဦးချင်း အမြင်အရဆိုရင်တော့ ဒါက လုံးဝကို စိတ်ပျက်စရာကောင်းပါတယ်။ ပထမဆုံးအကြိမ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတဲ့ပွဲမှ အခုလို ရလဒ်မျိုး ထွက်ရတာက စိတ်ပျက်စရာပါ။ မနေ့က စိတ်ခံစားမှုတိုင်းကို စကားလုံးတွေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ကလည်း ခက်ခဲပါတယ်။ ကျွန်တော် ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ပြင်ဆင်လာခဲ့ပေမယ့် ဒီညလို ရလဒ်မျိုးက ရှက်စရာကောင်းပါတယ်။”

Photo Credit : Optus Sport

“ကျွန်တော်တို့ ပြိုင်ဘက်ကစားသမားတွေကို အသိအမှတ်ပြုရပါလိမ့်မယ်။ သူတို့တွေက ပွဲအစကတည်းကနေ ကျွန်တော်တို့ကို ဖိအားတွေ ပေးနေခဲ့တာ။ သူတို့ရဲ့ ကစားပုံက အရမ်းကျစ်လစ်ပြီးတော့ သူတို့ ခံစစ်ပိုင်းကို ထိုးဖောက်ဖို့လည်း ခက်ခဲရသလို စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အခုလို ရှုံးပွဲတွေ့သွားရတဲ့ အင်္ဂလန်အသင်းက လာမယ့် (၁၃)ရက်နေ့မှာတော့ ဖင်လန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုုင်သွားရတော့မှာဖြစ်ပြီး အဲ့ဒီပွဲမှာသာ ရလဒ်ထပ်ဆိုးဦးမယ်ဆိုရင် league (B) ကနေ league (A) ဆီကို ပြန်လည် တန်းတက်လာနိုင်ဖို့ ခက်ခဲသွားရနိုင်ပါတယ်။