တားမြစ်ဆေးကြောင့် နှစ်ရှည်ပွဲပယ်ခံရပြီးမှ အယူခံ အောင်မြင်ခဲ့တဲ့အတွက် (၄)နှစ်ကနေ (၁၈)လအထိ ပွဲပယ်ပြစ်ဒဏ် လျော့ပေါ့ခံခဲ့ရတဲ့ ပြင်သစ် ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာဟာ အခုဆိုရင်တော့ ဂျုဗင်တပ်စ်နဲ့ လမ်းခွဲပြီး မာဆေးလ်အသင်းဆီကို ပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့ပြီလို့ သတင်းထွက်ပေါ်နေပါတယ်။

အသက် (၃၁)နှစ်အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ ကစားသမားဘဝအတွင်း ဂျုဗင်တပ်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတွေမှာ (၂)ကြိမ်တိုင်တိုင် ကစားခဲ့ဖူးပြီး ဂျုဗင်တပ်စ်မှာ ပထမဆုံးအကြိမ် ကစားခဲ့စဉ်ကတော့ ပေါ့ဘာရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး အခ်ိုက်အတန့်တွေ ဖြစ်ခဲ့ပါတယ်။

Photo Credit : Pressafrik

အဲ့ဒီကနေ မန်ယူနိုက်တက်ဆီ ပြန်ရောက်ပြီး ယူနိုက်တက်ကနေ နောက်ထပ်တစ်ကြိမ် ဂျုဗင်တပ်စ်ဆီ အလွတ်နဲ့ ထပ်မံရောက်သွားချိန်မှာတော့ အဆင်မပြေမှုတွေနဲ့ ဆက်တိုက် ကြုံတွေ့ရပါတော့တယ်။ အသင်းဆီ စရောက်ချင်းမှာပဲ ဒဏ်ရာရသွားလို့ ကာလအတန်ကြာ နားခဲ့ရသလို နောက်တစ်ရာသီအရောက်မှာလည်း တားမြစ်ဆေးကိစ္စနဲ့ တိုင်ပတ်ပါတော့တယ်။

(၃၁)နှစ်တောင် ရောက်နေပြီဖြစ်တဲ့ ပေါ့ဘာက (၄)နှစ်တောင် ပွဲပယ်ခံလိုက်ရလို့ ပေါ့ဘာရဲ့ ကစားသမားဘဝက လုံးဝ အဆုံးသတ်ပြီလို့ ထင်ခဲ့ရပေမယ့် အယူခံ အောင်မြင်သွားလို့ (၁၈)လအထိ လျော့ပေါ့ခံရတဲ့အတွက် လာမယ့် ၂၀၂၅ မတ်လမှာပဲ ဘောလုံးပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit : 24H

ဒါပေမယ့် ပေါ့ဘာဟာ သူရဲ့ လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းနဲ့ပဲ ဆက်ကစားရဖို့က အခြေအနေမကောင်းတော့ဘဲ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ တကယ်လို့ စာချုပ်ဖျက်သိမ်းလိုက်မယ်ဆိုရင် ပေါ့ဘာက free agent player ဖြစ်သွားမှာဖြစ်ပြီး ပေါ့ဘာလို အရည်အသွေးမြင့် ကစားသမားမျိုးကို အပြိုင် ခေါ်ယူကြဖွယ် ရှိနိုင်ပါတယ်။

လတ်တလောမှာတော့ ပေါ့ဘာက အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲဆီ သွားရောက် ကစားဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပေမယ့် ဆက်လက် ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ပေါ့ဘာဟာ သူရဲ့ အမိမြေဖြစ်တဲ့ ပြင်သစ်ဆီပြန်ပြီး လီဂူးဝမ်း ထိပ်သီးကလပ် မာဆေးလ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ ဆွေးနွေးမှုက တိုးတက်လျက်လည်း ရှိနေတယ်လို့ သိရပါတယ်။