တားမြစ်ဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့လို့ (၄)နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ကျခံထားပြီးမှ အယူခံ အောင်မြင်ခဲ့လို့ (၁၈)လအထိ လျော့ပေါ့ခံခဲရတဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာနဲ့ သူရဲ့ လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းတို့ဟာ စာချုပ်ဖျက်သိမ်းကြဖို့ နီးစပ်လျက် ရှိနေကြပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ သူရဲ့ကစားသမားဘဝအတွင်း ဂျုဗင်တပ်စ်အသင်းမှာ (၂)ကြိမ်တိုင်တိုင် ကစားခဲ့ဖူးပေမယ့် ပထမတစ်ကြိမ်သာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး ဒုတိယတစ်ကြိမ်မှာတော့ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit : Juvenfc

ဂျုဗင်တပ်စ်နဲ့ (၄)ရာသီဆက်တိုက် စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဖိုင်နယ်အထိပါ တက်လှမ်းနိုင်ခဲ့တဲ့ ပေါ့ဘာဟာ အသင်းထံ နောက်တစ်ကြိမ် ပြန်ရောက်လာချိန်မှာတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့အပြင် တားမြစ်ဆေးပါ သုံးစွဲမိခဲ့တဲ့အတွက် ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကြီးကိုလည်း ကျခံခဲ့ရပါသေးတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ပြစ်ဒဏ် လျော့ပေါ့ခံရလို့ လာမယ့် ၂၀၂၅ခုနှစ် မတ်လမှာပဲ ဘောလုံးပြန်ကစားနိုင်တော့မယ့် ပေါ့ဘာကို ဂျုဗင်တပ်စ်ဘက် အသင်းမှာ နောက်တစ်ကြိမ် အခွင့်အရေး ထပ်ပေးသွားဖို့ထက် စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ စွန့်ပစ်လိုက်ဖို့အထိ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : The Sun

ပေါ့ဘာကိုယ်တိုင်ကလည်း သစ်လွင်တဲ့ စတင်မှုက သူနဲ့ သူရဲ့ကစားသမားဘဝအတွက် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်လိမ့်မယ်လို့ ယူဆထားတာကြောင့် ဂျုဗင်တပ်စ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ဖို့ စီစဉ်လာဖို့လည်း ရှိနေပါတယ်။

တကယ်လို့ ဂျုဗင်တပ်စ်နဲ့ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် ပေါ့ဘာက free agent player ဖြစ်လာတော့မှာမို့ သူစိတ်ကြိုက် ကလပ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကမ္ဘာ့ဖလား ချန်ပီယံ ပေါ့ဘာဟာ အမေရိကန် မေဂျာလိဂ်က ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။