တားမြစ်ဆေး သုံးစွဲထားမှုကြောင့် ဘောလုံးကစားခြင်းကနေ ကာလရှည်ကြာ ပွဲပယ်ပြစ်ဒဏ် ကျခံထားခဲ့ရတဲ့ ဂျုဗင်တပ်စ်နဲ့ ပြင်သစ်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာဟာ လာမယ့် ၂၀၂၅ခုနှစ်မှာပဲ ဘောလုံးပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ်။

အသက် (၃၁)နှစ်အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ ကမ္ဘာ့ ထိပ်သီးကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ​မနှစ်က ၂၀၂၃ခုနှစ်က တားမြစ်ထားတဲ့ testosterone ဆေးကို အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဘောလုံးလောကနဲ့ ပတ်သက်ခွင့်ကို (၄)နှစ်အထိ ပိတ်ပင်ခံလိုက်ရပါတယ်။

Photo Credit : Goal

ပေါ့ဘာဘက်ကတော့ ဒီလို ကာလရှည် ပွဲပယ်ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံဝင်မှုတွေ လုပ်ဆောင်လာခဲ့ရာ အူခံအောင်မြင်သွားခဲ့တာကြောင့် ပေါ့ဘာအနေနဲ့ လာမယ့် ၂၀၂၅မှာပဲ ဘောလုံး ပြန်လည် ကစားခွင့် ရရှိတော့မှာပဲ ဖြစ်ပါတယ်။

အခုလို ပွဲပယ်ပြစ်ဒဏ် လျော့ပေါ့ခဲ့လိုက်ရတဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ ၂၀၂၅ ဇန်နဝါရီလထဲမှာပဲ ဂျုဗင်တပ်စ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းမှုတွေကို စတင် လုပ်ဆောင်နိုင်တော့မှာဖြစ်ပြီး မတ်လလောက်မှာဆိုရင်တော့ အသင်းနဲ့အတူ ပွဲစဉ်တွေကိုပါ ပြန်လည် ကစားခွင့်ရလာပါတော့မယ်။

Photo Credit : Transfermarket

ဒီလိုသာ ပေါ့ဘာ ပြန်ကစားနိုင်မယ်ဆိုရင် ဂျုဗင်တပ်စ်အသင်းအတွက် ကွင်းလယ်မှာ ကစားသမားသစ်တစ်ဦး ရလိုက်သလိုပါ ဖြစ်လာနိုင်ပြီး ပွဲစဉ်တွေ အရမ်းဖောင်းပွနေတဲ့ အချိန်ကာလမျိုးမှာ ကစားသမားတွေကို အလှည့်ကျ အသုံးပြုသွားဖို့အတွက်လည်း အဆင်ပြေသွားရနိုင်ပါတယ်။

ဒါ့အပြင် ပေါ့ဘာအနေနဲ့ လာမယ့် ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲခွင့် ရဖို့အတွက်လည်း မျှော်လင့်ချက် ရှိလို့နေသေးပြီး ဘယ်လိုခြေစွမ်းမျိုး ဘယ်လိုစိတ်နေစိတ်ထားမျိုးနဲ့ ပြန်လာမလဲဆိုတာကလည်း စောင့်ကြည့်သွားရပါတော့မယ်။