လက်ရှိမှာ ဘောလုံးသုံးသပ်သူ pundit တစ်ယောက်အဖြစ် ဆောင်ရွှက်နေတဲ့ တော့တင်ဟမ် ဟော့စပါး ကစားသမားဟောင်းကြီး ဂျေမီ အိုဟားရားက အာဆင်နယ် တောင်ပံကစားသမား ဘူကာယို ဆာကာဟာ world class player တစ်ဦး မဟုတ်ဘူးလို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။
အသက် (၂၃)နှစ်အရွယ် ညာတောင်ပံကစားသမား ဆာကာဟာ ၂၀၀၈ခုနှစ်ကတည်းက အာဆင်နယ် လူငယ်အကယ်ဒမီဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်သန်းရင်းကနေ အခုဆိုရင် အာဆင်နယ် စီနီယာအသင်းရဲ့ အသင်းခေါင်းဆောင် တစ်ဦးထဲမှာပါ ပါဝင်လို့နေပါတယ်။
Photo Credit : Arsenal
ဆယ်ကျော်သက်အရွယ်မှာပဲ အာဆင်နယ် စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိခဲ့တဲ့ ဆာကာဟာ အခုဆို အာဆင်နယ်အတွက် (၆)ရာသီမြောက်ကို ဖြတ်သန်းလို့နေပြီး ပြိုင်ပွဲစုံ (၂၃၅)ပွဲ ကစားပေးထားခဲ့ရင်း ဂိုးပေါင်း (၆၀)အထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။
ဒီလို စွမ်းဆောင်ထားနိုင်ခဲ့တဲ့ ဆာကာကို pundit အိုဟားရားက “ဘူကာယို ဆာကာဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် မဟုတ်ပါဘူး။ သူက အရမ်းကောင်းတဲ့ အသင်းမှာ ပါဝင်နေကစားနေတဲ့ ထူးချွန်လှတဲ့ ကစားသမားပါ။ ဒါပေမယ့် ကိုး ပါလ်မာတို့ လာမင်း ယာမားလ်တို့ကို ကြည့်လိုက်တဲ့အခါမှာတော့”
Photo Credit : talkSPORT
“ဒီကစားသမားတွေက ကျွန်တော့်အမြင်မှာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေပါ။ သူတို့က ဆာကာထက် အဆင့်ပိုပါတယ်။ ဒါကတော့ ရိုးရှင်းပါတယ်။ ယာမားလ်ဆိုရင် လာမယ့်နှစ်တွေမှာ ဘာစီလိုနာရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်လာဖို့ ရှိနေပြီး ဘာစီလိုနာကလည်း ဒီကစားသမားနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်လိမ့်မယ်ဆိုတာ သင်တို့ သိထားပါတယ်။”
“ပါလ်မာဆိုရင်လည်း လက်ရှိပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားလို ဖြစ်နေပါတယ်။ ဘောလုံးကွင်းထဲမှာလည်း သူက ဘာမဆိုကို လုပ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပြောချင်တာက ဆာကာဟာ ထိပ်တန်း ကစားသမားတစ်ဦး ဆိုပေမယ့် ပါလ်မာကတော့ ဆာကာထက် နောက်တစ်ဆင့်ကို ရောက်နေတဲ့ ကစားသမားပါ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။