လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ပိုင်းတွေ ဆိုးရွှားနေပြီး ခြေစွမ်းပိုင်းကလည်း တိုးတက်လာခြင်း မရှိသေးတဲ့အတွက် နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ရပြီး သိပ်မကြာခင်မှာပဲ တန်ဟက်ဂ်ကို ထုတ်ပယ်ကာ နည်းပြသစ် ခန့်အပ်သွားတော့မယ်ဆိုတဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်နေရပါတယ်။

တန်ဟက်ဂ် ထုတ်ပယ်ခံရမယ်ဆိုရင် သူ့နေရာကို အစားဝင်လာနိုင်တဲ့ နည်းပြတွေထဲမှာ လက်ရှိ တန်ဟက်ဂ်ရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်တဲ့ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းက ရေပန်းအစားဆုံး ဖြစ်နေသလို ဂါရတ် ဆောက်ဂိတ် ၊ သောမတ်စ် တူဟယ်လ်နဲ့ ဂရေဟမ် ပေါ်တာတို့လို free agent နည်းပြတွေလည်း ပါဝင်နေပါတယ်။

Photo Credit : TEAMtalk

ဒီနည်းပြတွေဟာ ယူနိုက်တက်ကို ပူးတွဲ ပိုင်ဆိုင်ထားတဲ့ INEOS တို့ရဲ့ စိတ်ကြိုက်နည်းပြတွေ ဖြစ်နေတဲ့အဖြစ် လက်ရှိအချိန်မှာလည်း ကိုင်တွယ်နေတဲ့ အသင်းတွေ မရှိတာကြောင့် တန်ဟက်ဂ် အခြေအနေ လှုပ်ခတ်လာတိုင်း ဒီနည်းပြတွေနဲ့ ကောလဟာလ သတင်းတွေက အမြဲထွက်ပေါ်လာတက်ရပါတယ်။

အခုလို ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်နေတက်သူ ဂရေဟမ် ပေါ်တာက “ကျွန်တော် တစ်ပတ်တည်းမှာပဲ စတုတ်စီးတီးရယ် နာပိုလီအသင်းရယ်နဲ့ ချိတ်ဆက်နေတယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော နည်းပြပါ။ မီဒီယာတွေမှာ ကျွန်တော် ဖတ်လိုက်သမျှ တော်တော်များများက သတင်းအမှားတွေပါပဲ။ မီဒီယာတွေက ပြောတာတွေဟာ အလွဲအမှားတွေပါ။”

Photo Credit : talkSPORT

“ကျွန်တော် လူအများစုနဲ့ စကားပြောဖြစ်တယ်။ လူတိုင်းကို လေးစားဖို့အတွက် သီးသန့်ထားလိုက်တာက အကောင်းဆုံးပါပဲ။ အရာရာတိုင်းက မဖြစ်နိုင်ဘူးလို့တော့ ကျွန်တော် မထင်မိဘူး။ ဒါပေမယ့် အလုပ်အကိုင်တွေကတော့ ခက်ခဲပါတယ်။ အဲ့ဒါက ပရီးမီးယားလိဂ်မှာ မြင်တွေ့နေရတဲ့ လက်တွေ့ဘဝပါပဲ။ ခင်ဗာျးက မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးမျိုး ရှိနေပြီး Top 6 ထဲမှာ ရှိမနေဘူးဆိုရင် အမြဲတမ်း စိစစ် စစ်ဆေးခံရပါမယ်။” လို့ ပြောဆိုလိုက်ပါတယ်။

ပေါ်တာဟာ ဘရိုက်တန်နဲ့ ချယ်လ်ဆီးအသင်းတို့ ကိုင်တွယ်ခဲ့ပြီး ချယ်လ်ဆီးကိုတော့ (၈)လဝန်းကျင်သာ ကိုင်တွယ်ခဲ့ရကာ ရာထူးကနေ ထုတ်ပယ်ခံရပါတယ်။ ပေါ်တာက ယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းလောက်ကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး လတ်တလောမှာလည်း ဆောက်သမ်တန်နဲ့ပါ သတင်းထွက်လို့နေပါတယ်။