ဘာစီလိုနာအသင်းက ဒီနှစ်ဘောလုံးရာသီ မာဆေးလ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ်ကို လာမယ့်နွေဈေးကွက်မှာပဲ ခေါ်ယူသွားဖို့အတွက် စီစဉ်ထားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၂၂)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နှစ်က မန်ချက်စတာ ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းတွေ ပြသနိုင်ခဲ့သလို ဂီတာဖေးရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူး ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။
Photo Credit : India Today
ဒီလို အခြေအနေမှာပဲ ဒီကစားသမားကို လာလီဂါ ထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ အသက်လက်တီကို ဗလင်စီယာ ဆီဗီလာတို့အပြင် စီးရီးအေက ဂျုဗင်တပ်စ် လာဇီယိုတို့ကပါ အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပြီး နောက်ဆုံးမှာတော့ ရောဘတ်တို ဒီဇာဘီရဲ့ မာဆေးလ်အသင်းက ဂရင်းဝုဒ်ကို အရ ခေါ်ယူသွားနိုင်ခဲ့ပါတယ်။
ဂရင်းဝုဒ်က သူ့အတွက် လုံးဝ အစိမ်းသက်သက် ဖြစ်နေတဲ့ ပြင်သစ်လီဂူးပြိုင်ပွဲမှာ (၃)ပွဲဆက်တိုက် ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အခုဆို သူရဲ့ လီဂူးသွင်းဂိုးက (၅)ဂိုးအထိ ရှိနေသလို ပွဲတိုင်းနီးပါးမှာလည်း မာဆေးလ်အသင်းအတွက် ခြေစွမ်းကောင်းတွေလည်း ပြသထားနိုင်ခဲ့ပါတယ်။
Photo Credit : Goal
ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဂရင်းဝုဒ်ကို ဘာစီလိုနာ ဘိုင်ယန် အသက်လက်တီကိုအသင်းတွေက ကင်းထောက်တွေ စေလွှတ်ပြီး အနီးကပ် လေ့လာမှုတွေ လုပ်ဆောင်နေသလို အခုလည်း ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ် ကိုယ်တိုင်ကပါ စိတ်ဝင်စားလို့နေပြီး လာမယ့်နွေမှာ ခေါ်ယူသွားဖို့ ဆန္ဒရှိနေပါတယ်။
လက်ရှိ ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက အသက် (၃၆)နှစ်အထိ ရှိနေပြီ ဖြစ်တာကြောင့် ဒီကစားသမားကြီး နေရာအတွက် ရေရှည် အစားထိုးနိုင်ဖို့ တိုက်စစ်မှူးတစ်ဦး အလိုရှိနေပြီး လက်ရှိမှာတော့ အသင်းရဲ့ option ထဲမှာ ပါဝင်နေသလို ပြောင်းရွှေ့ကြေး ပေါင် သန်း(၆၀)လောက်အထိ အသုံးပြုဖွယ်ပါ ရှိနေပါတယ်။