ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ စပိန် ဝါရင့် ခံစစ်ကစားသမားကြီး ဆာဂျီယို ရာမို့စ်ဟာ လက်ရှိမှာတော့ အီဂျစ်ထိပ်သီး ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဇာမာလိတ်အသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရာမို့စ်ဟာ နွေတုန်းက ဆီဗီလာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်း မေဂျာလိဂ်က ကလပ်အသင်းတွေအပြင် ဘရာဇီးလ်က ကလပ်အသင်းတွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အခုထိ အသင်းသစ် မရသေးတာဘဲ ဖြစ်ပါတယ်။

Photo Credit : Bolavip

ရီးယဲလ်နဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်းကြီး ရာမို့စ်က အသက် (၄၀)နားကပ်နေပြီ ဖြစ်ပေမယ့်လည်း ကစားသမားဘဝကို အဆုံးသတ်ဖို့ အစီအစဉ် မရှိသေးဘဲ သူ့အတွက် အဆင်ပြေနိုင်မယ့် ကလပ်အသင်းကိုသာ ဆက်လက် ရှာဖွေနေရာ အခုတော့ အာဖရိက ကလပ်အသင်းကြီး တစ်သင်းဆီ ပြောင်းရွှေ့ဖြစ်ဖွယ် ရှိနေပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အခြေစိုက် ကလပ်အသင်းဖြစ်တဲ့ ဇာမာလိတ်အသင်းဟာ free agent ကစားသမားကြီး ရာမို့စ်ကို ခေါ်ယူသွားဖို့အတွက် စုံစမ်းမှုတွေ လုပ်ဆောင်နေပြီး ဇာမာလိတ်ရဲ့ ဒါရိုက်တာတွေနဲ့ ရာမို့စ်ရဲ့အေးဂျင့်တွေပါ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Credit : SNL24

ဇာမာလိတ်ဆိုတာကတော့ အီဂျစ်နိုင်ငံရဲ့ အအောင်မြင်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အီဂျစ် အမှတ်ပေးဖလားကို (၁၄)ကြိမ်နဲ့ အီဂျစ်ဖလားကိုလည်း (၂၈)ကြိမ်အထိ ပိုင်ဆိုင်ထားပါတယ်။ ပြည်တွင်း အောင်မြင်မှုတွေသာမကပဲ အာဖရိက ချန်ပီယံလိဂ် ချန်ပီယံပါ ဖြစ်ခဲ့ဖူးတဲ့ ဇာမာလိတ်ဟာ ဒီဘက်ခေတ် နောက်ပိုင်းမှာတော့ အယ်လ်အာလီအသင်းရဲ့နောက်သာ ရောက်ရှိနေပြီး ဆုဖလားတွေနဲ့လည်း အလှမ်းဝေးနေရပါတယ်။

ဒီလို အခြေအနေမှာ ရာမို့စ်လို ကလပ်အသင်းလက်မဲ့လည်း ဖြစ်နေတဲ့ ဝါရင့်ကစားသမားကြီး တစ်ဦးကို ခေါ်ယူဖြည့်တင်းဖို့ စီစဉ်လာခဲ့ပြီး ရာမို့စ်အနေနဲ့လည်း ဇာမာလိတ်အသင်းဆီ ပြောင်းရွှေ့မလား ဒါမှမဟုတ် စိတ်ကြိုက် အသင်းတစ်သင်းကို ထပ်မံ ရှာဖွေသွားဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။