ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ပတ်ဒရို နက်တိုက သူ အပါအဝင် သူတို့ ချယ်လ်ဆီးအသင်းက ကစားသမားတွေဟာ ပွဲထွက်ကစားခွင့်တွေ ရရှိဖို့အတွက် မအိပ်မနေ ကြိုးပမ်းရမယ့် သဘောမှာတောင် ရှိနေတယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဒီနွေမှာ ကစားသမားတွေ အများအပြား ခေါ်ယူခဲ့ပြီး အသင်းရဲ့ နေရာတစ်နေရာမှာ ကစားသမား (၃)ဦးလောက်အထိကို ရှိနေရပါတယ်။ ဒါကြောင့်လည်း ချယ်လ်ဆီးနည်းပြဖြစ်သူ အန်ဇို မာရက်စ်ကာက ပွဲအများစုမှာ ကစားသမားတွေကို အလှည့်ကျ ပွဲထုတ်မှုပုံစံနဲ့ အသုံးပြုနေခဲ့ပါတယ်။

Photo Credit : CFC Mod

အထူးသဖြင့်တော့ ချယ်လ်ဆီးရဲ့ တိုက်စစ်ပိုင်းမှာ နွေမှ ခေါ်ယူထားတဲ့ ဂျေဒန် ဆန်ချ်ို ၊ ပတ်ဒရို နက်တို ၊ ဂျာအို ဖီးလစ်နဲ့ မာ့ခ် ဂီယူတို့အပြင် နီကိုလပ်စ် ဂျက်ဆင် ၊ ခရစ္စတိုဖာ အန်ကွန်ကူ ၊ ကိုး ပါလ်မာ ၊ နွန်နီ မာဒူအက်ခေးနဲ့ မိုက်ခေးလို မူဒရစ်တို့ပါ ရှိနေတာကြောင့် ဒီကစားသမားတွေကို ပွဲကစားခွင့်ပေးဖို့က အတော်လေး ခက်ခဲရနိုင်ပါတယ်။

ဒီလို ကစားသမား များပြားမှုကြောင့် ပွဲထွက်ကစားခွင့်အတွက် အပြိုင်အဆိုင် ဖြစ်နေရကြောင်းကို နက်တိုက “ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့ အရည်အသွေးမြင့် ကစားသမား ပမာဏမျိုးနဲ့ ဘယ်သူမှ မအိပ်နေပဲ ကြိုးစားနေရမယ့် သဘောမှာ ရှိနေပါတယ်။ နည်းပြကလည်း ပြောထားပါသေးတယ်။ ကျွန်တော်တို့တွေ ပွဲတိုင်းကို ကစားခွင့်ရမှာ မဟုတ်ဘူးဆိုပြီး။”

Photo Credit : Chelsea Football Club

“ဒါကြောင့် ကျွန်တော်တို့တွေက အပတ်တိုင်း လေ့ကျင့်ခန်း အစီအစဉ်တွေတိုင်း ပွဲကစားခွင့်ရတိုင်းမှာ အားသွန်ခွန်စိုက်နဲ့ အလုပ်ကြိုးစား လုပ်ဆောင်ရပါတယ်။ ဒါက ကျွန်တော်တို့ကို ထိပ်တန်းအဆင့်ထိ ခေါ်ဆောင်သွားနိုင်တဲ့ စိတ်ဓါတ်မျိုးပါပဲ။ ကစားသမားတိုင်းက အလုပ်ကြိုးစားရမယ်။ အသင်းကြီး တစ်သင်းဆီ ရောက်လာတဲ့အခါ ဒါက လိုက်လျောညီထွေမှုတစ်ခုပါ။”

“ဝုလ်ဗ်မှာဆိုရင်တော့ ကျွန်တော်က ပွဲတိုင်းနီးပါးလောက် ကစားရတယ်။ ဒီမှာကတော့ နည်းပြရဲ့ အလှည့်ကျ အသုံးပြုမှုကြောင့် အရန်ခုံမှာ မထိုင်ရအောင် အလုပ်ပိုကြိုးစားရတယ်။ ဒါက ကျွန်တော်တို့ကို ပိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနေသလိုပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ဝုလ်ဗ်မှာ ပွဲကစားခွင့်တွေ အများကြီး ရနေရင်တောင်မှ အသင်းရဲ့ training အစီအစဉ်တွေမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါတယ်။” လို့ ပြောဆိုလာခဲ့ပါတယ်။