တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က လက်ရှိမှာ စပါးအသင်းနဲ့ သူရဲ့ကြားမှာ အနာဂတ်နဲ့ ပတ်သက်ပြီး စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ရှိမနေသေးဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တောင်ကိုရီးယား လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လာမယ့် ၂၀၂၅ခုနှစ် ဇွန်လ တစ်နည်းအားဖြင့် အခု ဘောလုံးရာသီအပြီးမှာပဲ စပါးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

 

Photo Credit : Free Cartilage Captain

ဂျာမနီမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဆွန်ဟောင်မင်က လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်မှာပဲ လေဗာကူဆင်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆို စပါးအသင်းအတွက် ဆယ်စုနှစ် တစ်ခုနီးပါး ကစားထားနိုင်ခဲ့သလို စပါးရဲ့ အသင်းခေါင်းဆောင်ပါ ဖြစ်လို့နေပါတယ်။

ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၄၁၄)ပွဲအထိ ကစားပေးထားနိုင်ခဲ့ပြီး ဆုဖလားတွေနဲ့ အလှမ်းဝေးနေတဲ့ စပါးအသင်းကို ဘယ်ကစားသမားတွေပဲ စွန့်ခွာသွားပါစေ ဆွန်ဟောင်မင်ကတော့ စပါးမှာသာ ဆက်လက် ရှိနေခဲ့ပြီး ကစားသမားဘဝရဲ့ အတောက်ပဆုံး အချိန်တွေကိုလည်း စပါးမှာပဲ ဖြတ်သန်းခဲ့ပါတယ်။

Photo Credit : Tottenham Hotspur News

လက်ရှိမှာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ဆီ ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်က သူ့အနာဂတ်နဲ့ ပတ်သက်ပြီး “စာချုပ်ကိစ္စအကြောင်းကိုတော့ ကျွန်တော်တို့ ဘာမှ မပြောရသေးပါဘူး။ ဒီနှစ်အတွက် ကျွန်တော် အပြည့်အဝ အာရုံစိုက်ထားပြီးတော့ ကလပ်အသင်းမှာ ရှိနေကြတဲ့ လူတိုင်းအတွက် ထိုက်တန်တဲ့ အရာတစ်ခုခုကိုလည်း ရယူသွားချင်ပါတယ်။”

“အနာဂတ်ကာလမှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဘယ်သူကမှ မသိနိုင်ပါဘူး။ ဒါပေမယ့် ဒီကလပ်အသင်းအတွက်ကိုတော့ အရာအားလုံး ပေးဆပ်ကစားသွားမှာပါ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ စပါးကတော့ ဆွန်ကို အသင်းကနေ အလွတ်နဲ့ လက်လွတ်လိုက်မလား ဒါမှမဟုတ် အသငး်မှာပဲ ဆက်လက် ထားရှိသွားမလားဆိုတာကို မကြာခင်မှာပဲ ဆုံးဖြတ်ချက် ချမှတ်သွားရပါတော့မယ်။