ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားအတွက် အပြိုင်အဆိုင် ကြိုးပမ်းနေချိန်မှာ အသင်းက အဓိက ကစားသမား ရိုဒရီက ဒဏ်ရာကြောင့် ကာလရှည် အနားယူသွားရမှာကို အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးပြုသွားမှာ မဟုတ်ကြောင်း မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် စပိန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီဟာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ အာဆင်နယ် ကွင်းလယ်လူ ပါတေးနဲ့ ထိခိုက်မိရာကနေ ဒဏ်ရာရသွားခဲ့လို့ လူစားလဲလိုက်ရပြီး ဆေးစစ်မှုတွေ ထပ်မံလုပ်ဆောင်ရဖို့ ရှိနေသေးပေမယ့် ACL ဒူးအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာ ဖြစ်ဖို့ အလားအလာ များနေပြီး ရာသီကုန်အထိပါ အနားယူသွားရနိုင်ပါတယ်။

Photo Credit : Sky Sports

တကယ်လို့ ACL သာ ဖြစ်နေခဲ့မယ်ဆိုရင် ရိုဒရီအတွက်ရော မန်စီးတီးအသင်းအတွက်ပါ နစ်နာစရာတွေ ဖြစ်လာနိုင်ပြီး မန်စီးတီးရဲ့ (၅)နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဆု အိမ်မက်အတွက်ကိုလည်း ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ ပိုဆိုးတာကတော့ မန်စီးတီးက ရိုဒရီ မပါဝင်နိုင်တဲ့ ပွဲတွေမှာ ရမှတ် ဆုံးရှုံးမှု ပိုများတက်တာက မန်စီးတီးအတွက်တော့ ရင်လေးစရာ အခြေအနေ ဖြစ်နေရပါတယ်။

ဒီအခြေအနေမှာ ရိုဒရီ မပါနိုင်တော့တဲ့ မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွတ်ရတော့မယ်လို့ ယူဆချက်တွေ ရှိလာတဲ့အပေါ် “ကျွန်တော်တို့ အခုထိ အတိအကျတော့ မသိသေးပါဘူး။ ဒါပေမယ့် သူ(ရိုဒရီ)ကတော့ အချိန် အတော်ကြာ နားရပါလိမ့်မယ်။ ကျွန်တော် မျှော်လင့်ထားတာထက်တော့ နည်းပါးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

Photo Credit : Caught Offside

“အခုတော့ သူ့ဆီကနေရော ဆရာဝန်ဆီကနေပါ ဖုန်းမလာသေးလို့ အတိအကျ မပြောနိုင်သေးပါဘူး။ ဘယ်လိုခွဲစိတ်မှုမျိုး ခံယူရမလဲဆိုတာလည်း မသိသေးပါဘူး။ ဒီလို ဖြစ်ရပ်မျိုးကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ရှိနေဆဲပါပဲ။ ကျွန်တော့် ကစားသမားတွေကိုလည်း အများကြီး ယုံကြည်ပါတယ်။ ကျွန်တော့်မှာလည်း ဒါကို အဖြေရှာဖို့ တာဝန်ရှိပါတယ်။”

“ရိုဒရီက အစားထိုးမရတဲ့ ကစားသမားဖြစ်ပြီးတော့ အသင်းကလည်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ မပါဝင်ဘဲ အကြာကြီး ကစားနိုင်မှာ မဟုတ်လို့ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ ဘောလုံးမှာတော့ ဒါတွေက ဖြစ်ပေါ်တက်ပါတယ်။ ရိုဒရီ မပါနိုင်တာက ပြဿနာ ဆိုပေမယ့် ဒါက ဆင်ခြေပေးစရာ မဟုတ်ပါဘူး။ နှစ်အတော်ကြာအောင် ပြိုင်ဆိုင်ခဲ့သလိုမျိုး ဆက်လက် ပြိုင်ဆိုင်နိုင်ဖို့အတွက်ပဲ အဖြေရှာသွားရပါမယ်။” လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။